
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ပတ္တရားကျေးရွာမှာ ဒီမနက် အစောပိုင်းက နေအိမ်တစ်လုံးမီးလောင်ကျွမ်းမှုကြောင့် လမ်းမလျှောက်နိုင်တဲ့ ပိုလီယိုရောဂါသည် ၂ ဦး မီးလောင်သေဆုံးခဲ့ပါတယ်။
ဝေါမြို့နယ် မီးသတ်ဦးစီးဌာနက ဦးစီးအရာရှိ ဦးသိန်းထွန်းက “ ကျနော်တို့သွားတော့ မီးကလောင်ပြီးနေပြီ လောင်တဲ့အိမ်က လယ်ကွင်းထဲက ဦးနိုင်လင်းအိမ်ပါ။ အထဲမှာ လမ်း မလျှောက်နိုင်တဲ့ အသက် ၁၉ နှစ်လောက်ရှိတဲ့ မောင်ဖြိုးခိုင်ဟန်နဲ့ အသက် ၁၆ နှစ်လောက်ရှိတဲ့ မောင်အာကာဖြိုးတို့ညီအကို နှစ်ယောက်ရှိနေပြီး ဖအေလုပ်သူဦးနိုင်လင်းက ပြီးခဲ့တဲ့နေ့ကတည်းက ခရီးထွက်သွားပြီး မအေလုပ်သူ မမြခိုင်ကတော့ ပစ္စည်းတွေသယ်ဖို့ဆိုပြီး အဲဒီနေ့မနက် ၅ နာရီလောက်ကတည်းက အပြင်ထွက်သွားခဲ့တယ်”လို့ ပြောပါတယ်။
မနက် ၆ နာရီခွဲလောက်မှာ မီးစလောင်တာဖြစ်ပြီး ၇ နာရီလောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။ အဲဒီလို မီးလောင်မှုကြောင့် တန်ဖိုး ကျပ် ၃၀၀၀၀ ဖိုးလောက်ဆုံးရှုံးသွားတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
သတင်း- အောင်စိုးမိုး











