ဂျပန်ေခတ်က မြှုပ်ထားသည့် ရတနာပစ္စည်းတူးဖော်မှု ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကဝါကျေးရှိ မိန်ဗလာတောင်မှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေမြှုပ်ခဲ့တဲ့ ရတနာပစ္စည်းတူးဖော်မှုမှာ ပွင့်လင်းမြင်သာမှုမရှိလို့ လွှတ်တော် ကိုယ်စားလှယ်နဲ့ ဒေသခံတွေက ဝေဖန်နေပါတယ်။
ဂျပန်ခေတ် လက်ကျန်ပစ္စည်းတူးဖော်တာကို ဇန်နဝါရီ ၄ ရက်က စပြီး မိန်ဗလာတောင်မှာ တူးဖော်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ခဲ့တာပါ။ အဲဒီမှာ ဘယ်သူ ဘယ်ဝါက တူးဖော်ဆောင်ရွက် နေလဲ ဆိုတာ ဒီနေ့အချိန်အထိ မသိရသေးဘူးလို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒါပေမယ့် ဒီတူးဖော်မှုကို ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက်မှာ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီး တချို့ လာရောက်ကြည့်ရှု့ထားပေမယ့် ရှင်းလင်းချပြတာ မရှိသေးပါဘူး၊
ဒါကြောင့် ပွင်းလင်းမြင်သာမှု ရှိဖို့အတွက် အစိုးရအနေနဲ့ တူးဖော် ဆောင်ရွက်နေတဲ့ အခြေအနေကို သတင်းထုတ်ပြန်ပေးဖို့ လိုအပ်နေတယ်လို့ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောပါတယ်။
ဒါအပြင် အခုလို တူးဖော်နေတာကို လာမယ့် လွှတ်တော် အစည်းအဝေးမှာ မေးခွန်း မေးမြန်းသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ဒေသခံတွေကတော့ အခုလို တူးဖော်တာတွေကြောင့် သူတို့ရဲ့ ဥယျာဉ်ခြံတွေအပေါ် မြေတွေ ပြိုကျလာမှာ စိုးရိမ်နေပါတယ်။
ဂျပန်ခေတ် လက်ကျန် ပစ္စည်း တူးဖော်တာကို ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက Royal Eagle Myanmar ကုမ္ပဏီနဲ့ Golden Geo Myanmar ကုမ္ပဏီ နှစ်ခုက ကနဦး စမ်းသပ် တူးဖော်မှုတွေ လုပ်ဆောင်ခဲ့တာပါ။
ဒါပေမယ့် အခုလို ပြန်လည် တူးဖော်မှုနေတာကို သူတို့အနေနဲ့ သိရှိထားခြင်း မရှိဘူးလို့ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောပါတယ်။
အခုလို အခြေအနေကြောင့် မွန်ပြည်နယ် ဝန်ကြီးချုပ်ကို ဒီဗွီဘီက က သွားရောက် တွေ့ဆုံ မေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အလုပ်မအားသေးလို့ မဖြေနိုင်သေးဘူးလို့ ဆိုပါတယ်။
သတင်း- ဇော်လွင်ထွဋ်











