DVB Logo
Home
မြန်မာသတင်း
မောင်းမကန်ကမ်းခြေတွင် တရားမဝင် ကျူးကျော်စျေးဆိုင်များဖွင့်လှစ်ရောင်းချနေ
DVB
·
January 16, 2020
Donate to DVB

တနင်္သာရီတိုင်း၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေသဲသောင်ပြင်မှာ စျေးရောင်းချတဲ့ ကျူးကျော်ဆိုင် ၅၀ ၀န်းကျင်ရှိလာတဲ့အတွက် တာ၀န်ရှိသူတွေအနေနဲ့ ကြပ်မတ်ကိုင်တွယ်ပေးဖို့ မောင်းမကန်ကျေးရွာအုပ်ချုပ်ရေးမှူးက တိုက်တွန်း ပြောပါတယ်။

လွန်ခဲ့တဲ့ လေး၊ ငါး နှစ်လောက်ကတည်းက ကျူးကျော်ဆိုင်တွေကို  မြို့နယ်အဆင့် ထွေ/အုပ်၊ စည်ပင်၊ရဲတပ်ဖွဲ့တို့ပါတဲ့ မြို့နယ်အဆင့် ကြီးကြပ်ရေးကော်မတီနဲ့ ​မောင်းမကန်ကမ်း ခြေသန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့က ရှင်းလင်းခဲ့ပါတယ်၊

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကမ်းခြေသဲသောင်ပြင်မှာ ပြန်လည်ကျူးကျော်ပြီး စျေးရောင်းချလာတယ်လို့   မောင်းမကန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောပါတယ်။

“အဖွဲ့အစည်းနဲ့ကြပ်ကြပ်မတ်မတ်လေး ကိုင်တွယ်မယ်ဆိုလို့ရှိရင်တော့ ဆိုင်ခန်းတွေ မရှိတော့ဘူးပေါ့”

ကျူးကျော်ဆိုင်တွေနဲ့ ပတ်သက်ပြီး အရေးယူနိုင်တဲ့ လောင်းလုံးမြို့နယ် စည်ပင်သာယာရေး အဖွဲ့ကို တင်ပြရာ စည်းကမ်းမဲ့ဆိုင်ရောင်းချနေမှုကို မရောင်းချဖို့ တားမြစ်ခဲ့ပေမယ့်လည်း လိုက်နာမှု မရှိဘဲ သဲသောင်ပြင်ဧရိယာ ပင်လယ်ကမ်းခြေမျက်နှာစာဘက်မှာ စျေးဆိုင်တွေ ပိုမိုတိုးချဲ့ တည်ဆောက်လာတယ်လို့ သိရပါတယ်။

မောင်းမကန်ကမ်းခြေ သန့်ရှင်းသာယာ လှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးလေး၀င်းက “စည်းကမ်းတင်းကျပ်တဲ့ အရေးယူဆောင်ရွက်မှု မိမိတို့မှာလုပ်ပိုင်ခွင့်မရှိလို့ အထက်ကို တင်ပြတာနဲ့ပဲ ဆုံးသတ်နေ​​​တယ်။ ဖြစ်စေချင်တာက ၂၀၁၅ တုန်း ကလုပ်ခဲ့သလို မြို့နယ်အဆင့်က ကြီးကြပ်မှုကော်မတီ၊ တိုင်းဒေသကြီးအစိုးရအဆင့်အထိ ဒီဟာကို အရေးတယူစိတ်၀င်တစားနဲ့ ဆောက်ရွက်ပေးရင်တော့ ပိုပြီးအဆင်ပြေတာပေါ့”လို့ ပြောပါတယ်။

တိုင်းအစိုးရအဆင့်၊ ခရိုင်နဲ့ မြို့နယ်အဆင့် အဆင့်ဆင့်က ကြပ်မတ်ပြီးတော့ ကူညီပေးမယ်ဆိုရင်တော့ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်းပြောပါတယ်။

လောင်းလုံးမြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးကျော်ဌေးက “ကမ်းခြေဆိုင်တွေကို တားမြစ်တာ ကြိမ်ပေါင်းတော်တော်များသွားပြီ။ တားမြစ်ပြီးရင် စျေးသည်တွေက ပြန်ရောင်းနေလို့ ယခင်ဖွဲ့စည်းထားတဲ့ မြို့နယ်အဆင့်နဲ့ ကျေးရွာအဆင့် မောင်း မကန်ကမ်းခြေ သန့်ရှင်းသာယာလှပရေးနှင့်စည်းကမ်းထိန်း သိမ်းရေးကော်မတီအား အသစ်ဖွဲ့စည်းဖို့  လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြထားတယ်” လို့ ပြောပါတယ်။

ဒါပေမယ့် ကော်မတီ၀င်အချို့မှာ ကျန်းမာရေးမကောင်းတော့တဲ့အတွက် ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

“အနီးဆုံးမြို့နယ်စီမံခန့်ခွဲရေးကော်မတီမှာ စည်ပင်တွေရော၊ ရပ်/ကျေးအဖွဲ့တွေရော၊ ဌာနပေါင်းစုံရော၊ လိုအပ်ရင် ဌာနဆိုင်ရာတွေခေါ်ပြီးမှ နည်းလမ်းရှာပြီး ဆောင်ရွက်မယ်”လို့ လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူးဦးကံထူးက  ပြောပါတယ်။

၂၀၁၅ ခုနှစ်က မောင်းမကန်ကမ်းခြေသဲသောင်ပြင် အတွင်းဘက် (ဘန်ဂလိုအရှေ့ဘက်)မှာ စားသောက်ဆိုင်တွေနဲ့ အ၀တ်အထည်ဆိုင်တွေ၊ အမှတ်တရ ပစ္စည်းရောင်းဆိုင်တွေ စတဲ့ဆိုင်တွေကို နေရာချထားပေးခဲ့ရာ လက်ရှိ စားသောက်ဆိုင် ၆၅ ဆိုင်အပါအဝင် ဈေးဆိုင် ပေါင်း ၁၁၀ ကျော်ရှိ ပါတယ်။

တင့်လွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013