DVB Logo
Home
မြန်မာသတင်း
အမ်းမြို့နယ်တွင် စစ်ဘေးရှောင်များအတွက် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ခွင့်မရ 
DVB
·
January 16, 2020
အမ်းမြို့နယ်တွင် စစ်ဘေးရှောင်များအတွက် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ခွင့်မရ 
1 / 6
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဇန်နဝါရီလအတွင်း တပ်မတော်နဲ့  အေအေတို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အမ်းမြို့ပေါ်ကို ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကို ကယ်ဆယ်ရေးစခန်း ဖွင့်ခွင့်မပြုတဲ့အတွက် နေထိုင်ရေးတွေမှာ အခက်အခဲကြုံတွေ့နေရတယ်လို့ ကူညီပေးနေတဲ့ အမ်းမြို့နယ် ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ ကယ်ဆယ်ရေးစခန်း ဖွင့်ခွင့်မရသဖြင့် နီးစပ်ရာဆွေမျိုးတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဖြစ်သလို နေထိုင်နေရတာကြောင့်   စားဝတ်နေရေး အခက်အခဲ တွေ့နေ့ကြတာလည်း ဖြစ်ပါတယ်။

အမ်းမြို့နယ်ဒေသခံ ကိုမျိုးလွင် က “ကဇုကိုင်းမှာဆိုရင်လည်း မိသားစုတွေက ရန်ကုန်သွား နေကြတဲ့နေအိမ်တွေမှာ အိမ်ငှားပြီးနေကြတယ်။ တချို့ဆိုရင်လည်း လူမရှိတဲ့ နေအိမ်တွေမှာ နေကြတာတွေများတယ်။ ချန်တောမှာဆိုတော့ သူတို့ကအိမ်တအိမ်မှာ သီးသန့်နေတာရှိတယ်။ အောက်ရွာမှာ ဆိုရင်လည်း သီလရှင်တွေနေတဲ့အဆောင်မှာ သီလရှင်တွေမရှိတဲ့အတွက် အဲဒီမှာ နေတယ်။ အမှတ်(၄) ရပ်ကွက်မှာတော့ အရှိုးချင်းစာပေယဉ်ကျေးမှုအဖွဲ့ကနေပြီးတော့ အိမ် ၉ လုံး လောက်ကို နေလို့ရအောင် စီစဉ်ပေးထားတယ်လို့ သိရတယ်။ အားလုံးကတော့ နေရေးထိုင်ရေး အခက်အခဲတွေ ရှိနေကြတယ်။ ကယ်ဆယ်ရေးစခန်း တရားဝင်ဖွင့်ထားတာ မဟုတ်တဲ့အတွက် အလှူရှင်တွေလည်း လာပြီးမလှူကျဘူး”လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ဘေးရှောင်တွေဟာ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေး တိမ်းရှောင် လာရတာကြောင့် နေထိုင်စားသောက်ရေးမှာ အခက်တွေရှိနေသလို ကျောင်းတက်နေတဲ့ ကျောင်းသား/ကျောင်းသူ ၁၀၀ ဝန်းကျင်ခန့်ပါဝင်နေပြီး စာမေးပွဲဖြေဆိုဖို့ ရက်ပိုင်းလောက်သာ လိုတော့တဲ့အတွက် ပညာရေးနှောင့်နှေးသွားမှာကိုလည်း မိသားစုတွေအနေနဲ့ စိုးရိမ်နေကြပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အမ်းမြို့နယ်ဒေသခံ ကိုမျိုးလွင်က “ကျောင်းသားတွေပါလာတယ်။ စာမေးပွဲကလည်းနီးနေပြီ၊ ကျောင်းသားတွေက ကျနော်တို့ကောက်ထားတဲ့ စာရင်းတွေအရ ၁၁၅ ဦးထိ ရှိနေပြီ၊ မိဘတွေကတော့ သားသမီးတွေရဲ့ ပညာရေးထိခိုက်လာမှာကို စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

အမ်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတာမရှိလို့ စစ်ဘေးရှောင်စခန်း မဖွင့်လှစ်တာလို့ အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က အခုလိုပြောပါတယ်။

“ကျနော်တို့ဆီမှာ တိုက်ပွဲဖြစ်တာမှမရှိတာ ဘယ်လိုလုပ် တိုက်ပွဲရှောင်က ရှိမလဲလို့၊ ဒါးလက်မှာဆိုလို့ရှိရင် နတ်မှော်မှာတို့ မင်္ဂလာဒုံမှာတို့ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတယ်။ မဲလက်မောင်းမှာဆိုရင် ကံကော်မြိုင်မှာဖွင့်ထားတယ်ဗျာ၊ အဲဒီနေရာကနေကျော်ပြီးတော့ သူတို့အ မျိုးအိမ်မှာ လာနေရင်တော့ ကျနော်တို့က တိုက်ပွဲရှောင်လို့ သုံးလို့မရဘူးလေဗျာ။”

အရိုးတောင်၊ ဒါးလက် ရွာဟောင်း၊ နှမ်းချောင်း၊ မဲလက်မောင်း၊ ကြိမ်းချောင်း၊ ခမောင်းတော၊ အုန်းတည်ချောင်း၊ ဘူးသီးတောင်၊ မဲတောင်ခြေ၊ ရှမ်းကုန်း စတဲ့ကျေးရွာတွေကနေ စစ်ဘေးရှောင်လာတဲ့   လူဦးရေဟာ ၄၀၀ ဝန်းကျင်ထိရှိနေတာဖြစ်ပါတယ်။ 

သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ စစ်ဘေးရှောင်တွေအတွက်  ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ နေထိုင်စားသောက်ရေး အဆင်ပြေအောင်တာဝန်ယူ ဆောင်ရွက်ပေးဖို့နဲ့ ကျောင်းသားတွေ ပညာသင်ကြားနိုင်ရေး ကူညီပေးဖို့  အမ်းမြို့နယ် အရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013