DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့စီးပွားရေး မကောင်းသော်လည်း မြန်မာ့စီးပွားရေး အားကောင်းမည်ဟု ကမ္ဘာ့ဘဏ် ထုတ်ပြန် 
DVB
·
January 15, 2020
ကမ္ဘာ့စီးပွားရေး မကောင်းသော်လည်း မြန်မာ့စီးပွားရေး အားကောင်းမည်ဟု ကမ္ဘာ့ဘဏ် ထုတ်ပြန် 
1 / 5
Donate to DVB

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှေးကွေးလာမှုနဲ့ ပြည်တွင်း မရေရာ မသေချာမှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကြံ့ကြံ့ခံ ရပ်တည်နိုင်စွမ်းကို ဆက်လက်ပြသနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာက သုံးသပ်ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်ရှိ Hillton ဟိုတယ်မှာ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရဲ့ ၂၀၁၉ ခုနှစ် စီးပွားရေးစောင့်ကြည့်အစီရင်ခံစာ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့တာပါ။



ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေတွေမှာ အားရစရာမကောင်းပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ အားကောင်းလာဖို့ရှိကြောင်း၊ ဒါပေမဲ့ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာ၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍရဲ့ ကုန်ထုတ်စွမ်းအား နည်းပါးနေတာ၊ အင်စတီးကျုးရှင်းဆိုင်ရာ အခက်အခဲတွေ ရှိနေတာက ရင်းနှီးမြှုပ်နှံမယ့်သူတွေရဲ့ သဘောထားအမြင်အပေါ် သက်ရောက်မှုရှိပြီး တိုင်းပြည်ရဲ့ ရေရှည်ဖွံ့ဖြိုးမှု အလားအလာအပေါ များစွာသက်ရောက်မှုရှိနေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။



မြန်မာပြည်ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအုတ်မြစ်ကောင်းတွေ ချမှတ်နိုင်ဖို့နဲ့ စီးပွားရေး ဆောင်ရွက်ချက်ကောင်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့အတွက် အရေးတကြီး ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေမှာ ပဋိပက္ခတွေ အဆုံးသတ်ဖို့နဲ့ လူမှုပါဝင်မှု (social inclusion) အားကောင်းအောင် ဆောင်ရွက်ဖို့၊ တာဝန်ယူမှုရှိတဲ့ ပုဂ္ဂလိက စီးပွားရေးကဏ္ဍတရပ် ဖြစ်ထွန်းလာစေဖို့ အားပေးဖို့ လိုတယ်လို့  ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် (ယာယီ) Gevorg Sargsyan က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

မြန်မာနိုင်ငံဧရိယာရဲ့ သုံးပုံတပုံမှာ  လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတာက စီးပွားရေးကဏ္ဍအတွက် ထပ်လောင်းစိန်ခေါ်မှုတခု ဖြစ်စေပြီး  ပဋိပက္ခဒေသတွေရှိ စီးပွားရေးလုပ်ငန်းတွေဟာ ရှိသင့်တာထက် ပိုများတဲ့ ကုန်ကျစရိတ်တွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

စီးပွားရေးစာရင်းအင်းဆိုင်ရာ လေ့လာမှုတွေအရ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကာလရှည်ကြာစွာ တည်ရှိနေတာကြောင့် စီးပွားရေးလုပ်ငန်းတွေ တိုးတက်အားကောင်းလာတာကို အတားအဆီးဖြစ်စေသလို ပဋိပက္ခဟာ ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ အလုပ်အကိုင် အခွင့်အလမ်းတွေအပေါ် ဆိုးကျိုးသက်ရောက်တယ်လို့လည်း ကမ္ဘာ့ဘဏ်က အစီရင်ခံထားပါတယ်။

သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာသလို ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အကောင်အထည်ဖော်ဖွယ်ရှိတဲ့ အစိုးရရဲ့ အခြေခံအဆောက်အဦ စီမံကိန်းတွေအတွက် သုံးစွဲမှုတွေကြောင့်  မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိလာမယ့်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

၀န်ဆောင်မှုလုပ်ငန်းဟာ မြန်မာနိုင်ငံ ဂျီဒီပီ တိုးတက်မှုနှုန်းရဲ့ အဓိက မောင်းနှင်အား ဖြစ်ပြီး ၂၀၁၈-၁၉ မှာ ၈ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးတက်မယ်လို့ ခန့်မှန်းပါတယ်။ လက်လီလက်ကား ကုန်သွယ်မှုတွေ တိုးမြင့်လာမှုကြောင့် ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်လာမှု နှေးကွေးသော်လည်း ကျဆင်းမသွားစေဖို့ ထိန်းထားနိုင်ခဲ့တယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေ နှေးကွေးစွာ လည်ပတ်နေသော်လည်း အားကောင်းလာတဲ့ ကုန်ထုတ်လုပ်ငန်းတွေကြောင့် ၂၀၁၈-၂၀၁၉ ခုနှစ်မှာ စက်မှုလုပ်ငန်းကဏ္ဍက ၆ ဒသမ ၄ ရာခိုင်နှုန်းသို့ တိုးတက်လာမယ်လို့ ခန့်မှန်းပါတယ်။ 

ရာသီအလိုက် ရေလွှမ်းမိုးမှုတွေနဲ့ စျေးကွက်တောင်းဆိုမှု အပြောင်းအလဲတွေ ရှိပေမယ့် ၂၀၁၈-၂၀၁၉ ခုနှစ်မှာ စိုက်ပျိုးရေးထုတ်ကုန်ကဏ္ဍ တိုးတက်မှု ၁ ဒသမ ၆ ရာခိုင်နှုန်းတွင် တည်ငြိမ်နေသလို ထုတ်လုပ်ကုန်အမျိုးအစား စုံလင်လာတာနဲ့ တင်ပို့တဲ့နိုင်ငံ ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကုန်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍတွေ အားကောင်းလာတာကြောင့် စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၃ ရာခိုင်နှုန်းရှိလာမယ့် ခန့်မှန်းထားပေမယ့် ဒါဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ၆ ဒသမ ၂ ရာခိုင်နှုန်းထက် မဆိုစလောက်သာ မြင့်မားလာတာလို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ် ဇွန်လက စတင်မြင့်မားလာတဲ့ ငွေကြေးဖောင်းပွမှုနှုန်းကတော့  ၂၀၁၉ ခုနှစ် သြဂုတ်လမှာ ၁၀ ဒသမ ၄ ရာခိုင်နှုန်းထိ ရှိလာတယ်လို့လည်း ကမ္ဘာ့ဘဏ်က အစီရင်ခံထားပါတယ်။



Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013