DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ပထမဆုံး Election Bus ရုပ်သံအစီအစဉ် စတင်ထွက်ခွာ 
DVB
·
January 13, 2020
မြန်မာနိုင်ငံ၏ ပထမဆုံး Election Bus ရုပ်သံအစီအစဉ် စတင်ထွက်ခွာ 
Donate to DVB

ဒီဗွီဘီရုပ်မြင်သံကြားသတင်းဌာနရဲ့ ရွေးကောက်ပွဲအထူးအစီအစဉ်တွေထဲက တခုဖြစ်တဲ့  Election Bus ရုပ်သံအစီအစဉ်ဟာ ပထမဆုံး ခရီးစဉ်အဖြစ် ကရင်ပြည်နယ် ဘားအံမြို့ကို   ဇန်နဝါရီ ၁၃ ရက် ဒီနေ့ စတင် ထွက်ခွာသွားပြီဖြစ်ပါတယ်။

Election Bus ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်ခင်အထိ  မြန်မာပြည်အနှံ့ တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်ပေါင်း ၃၀ ကျော်ကို သွားရောက်ပြီး မဲဆန္ဒရှင် ပြည်သူတွေရဲ့ အသံကို ဖော်ထုတ်မှာဖြစ်ပါတယ်။

ဒီဗွီဘီရဲ့ ရွေးကောက်ပွဲအစီအစဉ်တွေကို တာဝန်ယူထားတဲ့  ဒါရိုက်တာ ဦးသန်းဝင်းထွဋ်က “အုပ်ချုပ်ရေးမြို့၊ စီးပွားရေးမြို့၊ အချက်အခြာကျတဲ့ မြို့ ၃၂ မြို့ကိုသွားမှာပါ။ ၈ လ ဆက်တိုက်ကြာမယ်။ အဓိက မဲဆန္ဒရှင်တွေ ဘာတွေဖြစ်စေချင်နေကြလဲ၊ မဲဆန္ဒရှင်တွေ ဘာတွေမျှော်လင့်နေကြလဲ၊ လက်ရှိ အစိုးရရဲ့ မူဝါဒတွေအပေါ် ထင်မြင်ချက်တွေ ထွက်လာမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည်တွေအပေါ် ထင်မြင်ချက်တွေ ထွက်လာမယ်။ အဓိက ကတော့ လာမယ့်ရွေးကောက်ပွဲမှာ အရေးအကြီးဆုံး Stakeholder (ပါဝင်ပတ်သက်သူ) မဲဆန္ဒရှင်တွေရဲ့ အသံတွေကို ဖော်ထုတ်ဖို့ပါ” လို့ ပြောပါတယ်။

ဒါ့အပြင် Election Bus အစီအစဉ်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပညာပေးတာတွေလည်း လုပ်ဆောင်သွား ဖို့ရှိပါတယ်။ ဒီခရီးစဉ်တချို့မှာ ပြည်တွင်းက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ ပညာပေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်တာလည်း ရှိမယ်လို့ ဆိုပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးကြမယ့် မဲဆန္ဒရှင်လူငယ်တွေကို ရည်ရွယ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ပညာပေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်သလို    ဆန္ဒမဲပေးသူ အရေအတွက်ပိုတိုးလာဖို့ ရည်ရွယ်ထားတယ်လို့လည်း ဦးသန်းဝင်းထွဋ်က ပြောပါတယ်။

“မဲပေးမယ့်သူ လျော့မသွားစေမယ့် ရွေးကောက်ပွဲဟာ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးပါလား၊ ကိုယ့်မြို့ ကိုယ့်ဒေသအတွက် ထိုက်တန်တဲ့သူကို ကိုယ်ကိုယ်တိုင် ရွေးချယ်မယ် ဆိုတဲ့ စိတ် ဖြစ်လာအောင် လှုံ့ဆော်တဲ့ သဘောလည်း ဖြစ်ပါတယ်” 

ဘားအံခရီးစဉ်ပြီးရင်တော့ ဒီဗွီဘီရဲ့ Election Bus ဟာ ကရင်ပြည်နယ်က မြဝတီမြို့ကိုသွားမှာဖြစ်ပြီး သက်ဆိုင်ရာမြို့တွေမှာရှိတဲ့ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့  ဒီအစီအစဉ်မှာ ပူးပေါင်းပါဝင်နိုင်မှာဖြစ်ပါတယ်။

ဒါအပြင် စိတ်ဝင်စားတဲ့ မြို့တွေအနေနဲ့လည်း ဒီဗွီဘီရဲ့ Election Bus ကို လာရောက်ဖို့ ဖိတ်ခေါ်နိုင်မှာ ဖြစ်ပါတယ်။ 

ဒီဗွီဘီရုပ်မြင်သံကြားသတင်းဌာနဟာ ၂၀၂၀  ရွေးကောက်ပွဲအထူးအစီအစဉ်တွေအဖြစ် Your Vote 2020 နဲ့  “စဉ်းစဉ်းစားစားမဲတစ်ပြား” အစီအစဉ်တွေကိုလည်း အပတ်စဉ် ပုံမှန် ထုတ်လွှင့်ပေးနေသလို   Election Bus ရုပ်သံအစီအစဉ်ကိုလည်း  ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013