DVB Logo
Home
မြန်မာသတင်း
တိမ်ညိုစစ်ဘေးရှောင်စခန်းရေပြတ်လပ်၊ ဒုက္ခသည်အချို့ဝမ်းလျှောဝမ်းပျက်ဖြစ်ပွားနေ
DVB
·
January 13, 2020
တိမ်ညိုစစ်ဘေးရှောင်စခန်းရေပြတ်လပ်၊ ဒုက္ခသည်အချို့ဝမ်းလျှောဝမ်းပျက်ဖြစ်ပွားနေ
1 / 5
Donate to DVB

စစ်ဘေးရှောင်  ၃၂၀၀ ကျော်နေထိုင်တဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ တိမ်ညို ဒုက္ခသည်စခန်းမှာ သောက်သုံးရေ ပြတ်လပ်နေပြီး ဒုက္ခသည်တချို့ဝမ်းလျှော့ဝမ်းပျက် ရောဂါ ဖြစ်ပွားနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

တိမ်ညိုစစ်ဘေးရှောင်စခန်းရှိ ရေကန်မှာ ပြီးခဲ့တဲ့နှစ်ပတ်လောက်က ရေခန်းခြောက်သွားပြီး စစ်ဘေးရှောင်စခန်း အနောက်မှာရှိတဲ့ ရထားလမ်းတူးမြောင်းထဲက မသန့်ရှင်းတဲ့ ရေတွေကိုခပ်ပြီး သောက်သုံးနေရတဲ့အတွက် ကလေးငယ်တွေအပါအဝင် လူကြီး၊ လူငယ် ဝမ်းလျှော ဝမ်းပျက် ‌ရောဂါတွေဖြစ်ပွားနေတယ်လို့ စခန်းတာဝန်ခံ ဦးဝေလှအောင်က ဒီဗွီဘီကိုပြောပါတယ်။

“ပြီးခဲ့တဲ့ လတဝက်တည်းက ကယ်ဆယ်ရေးစခန်းဝန်းထဲမှာရှိတဲ့ ရေကန်မှာရေတွေ ခန်းခြောက်သွားတယ်ဗျ၊ စစ်ဘေးရှောင်စခန်းရဲ့ နောက်မှာရှိတဲ့ရထားလမ်းတူးမြောင်းထဲက မသန့်ရှင်းတဲ့ရေတွေကို သုံးနေရတာရှိတယ်။ ကျန်းမာရေးထိခိုက်မှု အခြေအနေကရှိတယ်။ ရေကစပြီးတော့ ရှားပါးနေတဲ့အတွက်ကြောင့်မို့ အခုဆိုရင် ဝမ်းလျှောဝမ်းပျက်ရောဂါတွေ ဖြစ်လာတာတွေရှိတယ်။ ဒီလိုပုံစံမျိုးသာ အကြာကြီးသုံးနေရမယ်ဆိုရင်စခန်းတခုလုံးကတော့ ဆိုးဝါးလာနိုင်တဲ့ အခြေအနေရှိခင်ဗျ။”

တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ ဆေးဝါးတွေ လုံလုံလောက်မရှိတဲ့အတွက်ကြောင့်မို့ နေမကောင်းဖြစ်တဲ့သူတွေ၊ ဝမ်းလျှောဝမ်းပျက် ဖြစ်နေတဲ့ ကလေးငယ်တွေကိုတော့ကို တိမ်ညို စစ်ရှောင်စခန်းကနေ ထောက်ခံချက်တစောင်ပေးပြီး ဆေးခန်းတွေ ပြသနေရသလို တိမ်ညို တိုက်နယ်ဆေးရုံမှာလည်း ပြသနေရတယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ နှစ် မတ်လလောက်မှာ တိမ်ညိုစစ်ဘေးရှောင်စခန်းကို စတင်ဖွင့်ခဲ့တာဖြစ်ပြီး အဲ့ဒီစဖွင့်အချိန်မှာ လူဦးရေ ၂၀၀ လောက်သာ ရှိခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း စစ်ဘေးရှောင်တွေ တဖြည်းဖြည်းတိုးလာတဲ့အခါ အဲ့ဒီအချိန် ရေပြဿနာကို မီးသတ်ဌာနတို့ အကူအညီ၊ ကျေးလက်နဲ့ တခြားပုဂ္ဂိလိက အလှူရှင်တွေကဖြေရှင်း ပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အိမ်ထောင်စု ၈၂၅ နဲ့ လူဦးရေ ၃၂၅၀ ရှိတဲ့အတွက် စစ်ဘေးရှောင် စခန်းဝန်းထဲမှာရှိတဲ့ သောက်သုံးရေကန် တကန်နဲ့ လုံလောက်မှုမရှိတော့ဘူးလို့ ဒီပြဿာနာကို ဖြေရှင်းနိုင်ဖို့ အစိုးရအဖွဲ့ရော၊ အပြည်ပြည်ဆိုင်ကြက်ခြေနီ (ICRC) တို့အကူအညီ တောင်းခံထားတယ်လို့ စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောပါတယ်။

“ကျနော်တို့အစိုးရအဖွဲ့ကိုလည်း တင်ပြထားတာရှိတယ်။ ICRC ကိုလည်း တင်ပြထားတာ ရှိတယ်။ အစိုးရအဖွဲ့ကလည်း အခုအချိန်အထိ အကြောင်းပြန်တာ မရှိသေးဘူးဗျ။ အစိုးရအဖွဲ့ ကိုလည်း တဆင့်တောင်းဆိုချင်တာရှိတာပေါ့။ ဒီအခြေအနေက အရေးပေါ်အခြေအနေတွေ ဖြစ်တဲ့အတွက် သူတို့အနေနဲ့လည်း အချိန်ဆွဲပြီးတော့ မလုပ်စေချင်ဘူး။ စောစောစီးစီး လုပ်ပေးစရာရှိတာတွေကို လုပ်ပေး စေချင်တဲ့ဆန္ဒတော့ရှိတယ်။”

အခုကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး (ပြောရေး ဆိုခွင့်ရှိသူ) ဦးဝင်းမြင့်ကိုဒီဗွီဘီက ဆက်သွယ် ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။

တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ ဆန်ရိက္ခာတွေကို ICRC နဲ့ ဘေးအန္တရာယ်ကယ်ဆယ်ရေး တို့ကနေ ထောက်ပံ့ထားတာရှိပေမယ့် တခြား စားနပ်ရိက္ခာဖြစ်ကြတဲ့၊ ဆီ၊ ဆား၊ ငပိ၊ ငရုပ်စတဲ့ပစ္စည်းတွေကို ကိုယ့်ဟာကို ရှာစားနေရတဲ့အတွက်အခက်အခဲဖြစ်နေကြရတယ်လို့ စစ်ဘေးရှာင်စခန်းမှာနေထိုင်တဲ့ဒုက္ခသည်တွေကပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့တိုက်ပွဲကာလအတွင်း စစ်ဘေးရှောင်ဦးရေ လက်ရှိအချိန်မှာ တသိန်းရှိနေပြီး တချို့နေရာတွေမှာ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်။

ဓာတ်ပုံ- ခိုင်မင်းထွန်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013