
မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်က ရေနံမှော်စီမံခန့်ခွဲရေးအပေါ် တင်းမာမှုတွေ ဖြစ်ခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။
မတ် ၃၀ ရက်နေ့က NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်အင်အား ၃၀၀ ကျော် ဝင်ရောက်လာတာကြောင့် စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဒေသခံတွေ စိုးရိမ်ခဲ့ပါတယ်။
အဲဒီနောက် နှစ်ဖက်တာဝန်ရှိသူတွေ နှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဧပြီ ၃ ရက်မှာလုပ်တဲ့ Online အစည်းအဝေးအတွင်း သဘောတူညီချက်တွေ ရရှိခဲ့တာပါ။
အစည်းအဝေးမှာ NUG ဘက်က ဒေါက်တာ ဇော်ဝေစိုးနဲ့ ဦးစိုးသူရထွန်းတို့ ဦးဆောင်ခဲ့ပြီး မကွေးဖက်ဒရယ်ယူနစ်ဘက်က ဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ်တို့ ပါဝင်ဆွေးနွေးခဲ့ပါတယ်။
မကွေးဖက်ဒရယ်ယူနစ်အတွင်း ရေနံမြေနဲ့ ရေနံလုပ်ငန်းတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့တရပ် ဖွဲ့စည်းသွားဖို့ နှစ်ဖက် သဘောတူခဲ့ ကြပါတယ်။
အဲဒီအဖွဲ့က ရေနံလုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်သွားမယ့်အပြင် ဒေသအတွင်း ကာကွယ်ရေး အဖွဲ့အစည်းတွေကို စနစ်တကျကွပ်ကဲနိုင်ရေး၊ အမှုအခင်းတွေ ဖြေရှင်းရေးနဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးကိစ္စတွေကိုလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။










