DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခေါ်ဆောင်ခံရသည့် လမ်းခင်းလုပ်သား ၃ ဦးထဲမှ ၂ ဦး ပြန်လွတ်လာ
DVB
·
January 12, 2020
ဖမ်းဆီးခေါ်ဆောင်ခံရသည့် လမ်းခင်းလုပ်သား ၃ ဦးထဲမှ ၂ ဦး ပြန်လွတ်လာ
Donate to DVB

ကျောက်ဖြူမြို့နယ်မှာ အမည်မသိ လူတစုရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လမ်းခင်းလုပ်သား ၃ ဦးထဲက ၂ ဦး ဒီနေ့ မနက် ၇ နာရီလောက်က ပြန်လည်လွတ်မြောက်လာပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကလန့်တဲကျေးရွာအုပ်စု၊ မူရင်းကျေးရွာနဲ့ ဇင်ချောင်းကျေးရွာကြား ဘောလန်တောင်ခြေအနီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေက လမ်းခင်းရာမှ ပြန်လာတဲ့ ဦးစိုးငြိမ်း အပါအဝင် ၃ ဦးကို အမည်မသိလူတစုက  ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ဖမ်းဆီးခေါ်ဆောင်ခံရပြီး ၁၇ ရက်အကြာ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ၂ ဦးကို ပြန်လွှတ်ပေးလိုက်ပေမယ့် ဦးစိုးငြိမ်းတော့ မပါဘူးလို့ သားဖြစ်သူ ကိုအောင်သူရက ပြောပါတယ်။

“ဘက်ဖိုးပိုင်ရှင် ဦးမောင်ဖိုးခင်ရယ်၊ မောင်ရန်နိုင်တို့ ၂ ဦးပါ၊ သူတို့ကို ခေါ်သွားကတည်းက ၃ ယောက်လုံးကို မျက်နှာဖုံးစွပ်ပြီးတော့ လူ လေး ငါးယောက်လောက်က ကားတစီးပေါ် ဖမ်းခေါ်သွားတယ်။ ပြီးရင် စက်လှေနဲ့ တခါခေါ်သွားပြီးတော့ တနေရာအရောက်မှာ ဦးစိုးငြိမ်းကို ချထားခဲ့တယ်၊ ပြီးတော့ စက်လှေနဲ့ ဆက်ခေါ်သွားပြီးတော့ တနေရာအရောက်မှာ မိုးကာနဲ့ မိုးထားတဲ့အဆောင်တခုမှာ တယောက် တနေရာစီ ခွဲပြီးတော့ထားတယ်၊ ထမင်းတော့ ကျွေးထားတယ်လို့ သူတို့က ပြောတယ်။ စက်လှေနဲ့ မျက်နှာဖုံးစွပ်ပြီးတော့ လုံးတော်ပေါက်တံတားနားကို လိုက်ပို့ပြီးတော့ ပြန်လွှတ်ပေးလိုက်တာပေါ့၊ သူတို့ကို ဦးစိုးငြိမ်း မပါဘူးလားလို့ မေးတော့ မျက်နှာဖုံး စွပ်ထားတဲ့အတွက် အတိအကျမသိဘူးလို့ပဲ ပြောတယ်။” 

ပြန်လွတ်လာတဲ့ ကိုရန်နိုင်က “ဖမ်းတဲ့အချိန်မှာ လူ(၄/၅/၆)ယောက်လောက်တော့ ရှိမယ်၊ ဘယ်အဖွဲ့အစည်းမှန်း ဆိုတာလည်း အတိအကျ မပြောနိုင်ဘူး၊ အဖွဲ့အစည်းလား၊ ပုဂ္ဂလိကလားဆိုတာကိုတော့ မသိပါဘူး။ စက်လှေနဲ့ ပြန်ခေါ်လာပြီးတော့ လုံးတော်ပေါက်တံတားနားမှာ ချပေးထားခဲ့တယ်၊ ဖမ်းသွားတုန်းကတော့ ၃ ယောက်ပေါ့၊ အခုကတော့ ကျနော်ရယ်၊ ဦးမောင်ဖိုးခင်ရ‌ယ် ၂ ယောက်ကို ပြန်လွှတ်ပေးလိုက်တာပါ။ မျက်နှာကို စွပ်ထားတဲ့အတွက် အတိအကျမသိဘူး” လို့ ပြောပါတယ်။

ဇင်ချောင်းရဲကင်းစခန်းမှူး ရဲအုပ် အောင်ဇော်မင်းက “၂ ယောက် ပြန်လွတ်လာတာပါ။ သူတို့ ပြောတာတော့ အခုမနက် ၇ နာရီလောက်ကပေါ့၊ သူတို့ ဒီကိုပြန်ရောက်တာတော့ ၁၁ နာရီလောက်ဖြစ်မယ်၊ လူ လေး ငါး ခြောက်ယောက်လောက်က ဝိုင်းပြီးတော့ ဖမ်းသွားတယ် ဆိုတာလောက်ပဲ သိရသေးတယ်၊ ကျန်တာတော့ သူတို့ကို အတိအကျ မစစ်ရသေးဘူး၊ လက်ရှိကတော့ လူပျောက်နဲ့ပဲ ဖွင့်ထားသေးတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားသူတွေက အခုလို ၂ ဦးသာ ပြန်လွှတ်ပေးခဲ့တာကြောင့် ဦးစိုးငြိမ်း အသက်အန္တရာယ်ဖြစ်မှာကို မိသားစုဝင်တွေမှာ စိုးရိမ်နေကြပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013