DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေလမ်း ကောင်းမွန်ရေး ကျပ်သိန်းပေါင်း ၇၀၀၀ ကျော် သုံးစွဲမည်
DVB
·
January 11, 2020
ချင်းတွင်းမြစ်ရေလမ်း ကောင်းမွန်ရေး ကျပ်သိန်းပေါင်း ၇၀၀၀ ကျော် သုံးစွဲမည်
1 / 3
Donate to DVB

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြစ်တခုဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းက ချင်းတွင်းမြစ်ရေလမ်းကြောင်း ကောင်းမွန်စေရေးအတွက် ပြည်ထောင်စုရန်ပုံငွေကနေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ငွေကျပ်သိန်းပေါင်း ၇၃၀၀ သုံးစွဲသွားမယ်လို့ စစ်ကိုင်းတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရပါတယ်။ 

ချင်းတွင်းမြစ်အတွင်းမှာ အဓိက ရေကြောင်းကျပ်တဲ့နေရာအနေနဲ့ မုံရွာ-ဟုမ္မလင်းကြားမှာ ၂ နေရာ၊ ဟုမ္မလင်း-ခန္တီးအပိုင်းမှာ ၃ နေရာလောက် ရှိနေပြီး ချင်းတွင်းမြစ်အတွင်း တိုက်ရိုက်ကမ်းထိန်းတာ၊ ရေလွှဲရေကာတာ တည်ဆောက်တာ၊ သောင်တူးဖော်တာ စတဲ့ လုပ်ငန်း ၅ ခုကို ဆောင်ရွက်သွားမှာဖြစ်ပြီး စတင်အကောင်အထည်ဖော်နိုင်ဖို့ တင်ဒါခေါ်ယူနေပြီဖြစ်ပါတယ်။

"ချင်းတွင်းမြစ်က ရေလမ်းကြောင်း ပြောင်းလဲမှု မြန်တယ်။ ရေမျက်နှာပြင် အနိမ့် အမြင့် အတက်အကျများတဲ့အတွက် နှစ်စဉ် ကနဦး တိုင်းတာကွင်းဆင်းရပြီး လုပ်ငန်းတွေ ချမှတ်အတည်ပြုရတာ ဖြစ်တယ်။ ဒီနှစ် ဒါလုပ်တယ်။ နောက်နှစ် ဒါလုပ်မယ်ဆိုပြီး သတ်မှတ်လို့ မရဘူး။ လုပ်စရာတွေများတဲ့အတွက် ရန်ပုံငွေအခက်အခဲလည်း ရှိတယ်" လို့ တိုင်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှုး ဦးကျော်စိုးက ပြောပါတယ်။



မနှစ်က ချင်းတွင်းမြစ်ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် ကျပ်သိန်းပေါင်း ၆၃၀၀ သုံးစွဲခဲ့ပြီး ဒီနှစ်က ကျပ်သိန်း ၁၀၀၀ ပိုမို လျာထားသုံးစွဲတာဖြစ်ပါတယ်။ 

ရေမြစ်ဖြိုး ဦးစီးဌာနအနေနဲ့ ချင်းတွင်းမြစ်ရေလမ်းကြောင်း ကောင်းမွန်စေရေးသာမက စစ်ကိုင်းတိုင်းအတွင်းက ကမ်းပြိုကမ်းထိန်းအပါအဝင် သဲနုန်းတူးတာ၊ ချောင်းဖော်တာ စတဲ့ လုပ်ငန်း ၅၆ ခုအတွက်လည်း တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကနေ ကျပ်သန်း ၉၀၀၀ အထိ လျာထားတယ်လို့ သိရပါတယ်။ 

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ရေမသန့်တဲ့ကိစ္စလို၊ သဘာဝပတ်ဝန်းကျင်ကိစ္စလို လုပ်ဆောင်စရာတွေ အများကြီးရှိပေမယ့် ကမ်းပြိုကမ်းထိန်းလုပ်ငန်းတွေတောင် နိုင်နင်းအောင် မလုပ်ဆောင်နိုင်သေးဘူးလို့လည်း ပြောပါတယ်။ 

အခုလိုဖြစ်ရတာက ဆက်စပ်ဌာနတွေ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းသေးတာ၊ ဝန်ထမ်းအင်အား မလုံလောက်တာ၊ ဘက်ဂျက်အကန့်အသတ်ရှိတာတွေကြောင့်လို့ တိုင်းဦးစီးမှူးက ပြောဆိုခဲ့ပါသေးတယ်။

အခုနှစ်အတွင်း ချင်းတွင်းမြစ်ရေကြီးမှုအနေနဲ့လည်း ၂၀၁၈ ခုနှစ်အတွင်း မုံရွာမြို့ရဲ့ စိုးရိမ်ရေအမှတ် ၁၀၀၀ စင်တီမီတာထက် ကျော်လွန်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ စိုးရိမ်ရေအမှတ်အောက် ၈၉၅ စင်တီမီတာသာ အများဆုံးရောက်ရှိခဲ့တာပါ။ 

လက်ရှိမှာလည်း မုံရွာမြို့ရဲ့ ရေနည်းသတိပေးမှတ် ၁၀၀ စင်တီမီတာအထက် ၁၇၀ ကျော်မှာ ရှိနေပြီး လာမယ့်နွေရာသီမှာ ရေနည်းမှတ်အောက် ရောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ချင်းတွင်းမြစ်အတွင်း မုံရွာအခြေစိုက်ပြေးဆွဲနေတဲ့ မှတ်ပုံတင် ကုန်တင်ရေယာဉ်အသင်း ၁၈ သင်း၊ အစီး ၅၀၀ ကျော်နဲ့ လူစီးသီးသန့်ရေယာဉ်အသင်း ၁၀ သင်း၊ အစီး ၁၀၀ ကျော် ရှိတယ်လို့ ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီ (ရစက) ရဲ့စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013