Homeမြန်မာသတင်း
မူဆယ်နှင့်မဘိမ်းတွင် စိတ်ကြွဆေး ၂ သိန်းခွဲခန့်နှင့် ဘိန်းဖြူဆပ်ပြာခွက် ၂၀၀ ကျော် ဖမ်းမိ
မူဆယ်နှင့်မဘိမ်းတွင် စိတ်ကြွဆေး ၂ သိန်းခွဲခန့်နှင့် ဘိန်းဖြူဆပ်ပြာခွက် ၂၀၀ ကျော် ဖမ်းမိ
DVB
·
January 10, 2020
ရှမ်းပြည်နယ် မူဆယ်မြို့နယ်နဲ့ မဘိမ်းမြို့နယ်တို့မှာ ဇန်နဝါရီ ၉ ရက်နေ့က စိတ်ကြွဆေး ၂ သိန်းခွဲလောက်နဲ့ ဘိန်းဖြူ ဆပ်ပြာခွက် ၂၀၀ ကျော် ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ဦးစီးတဲ့ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၉ ရက်နေ့ ညနေ ၄ နာရီလောက်က မူဆယ်မြို့နယ်၊ လွယ်ဆုတောင်းစေတီအနီး မူဆယ်-နမ့်ခမ်းကားလမ်းမှာ နော်ဆိုင်း မောင်းနှင်လာတဲ့ တိုရိုတာဟိုင်းလတ်ယာဉ်အား စစ်ဆေးရာ ယာဉ်ဝဲ/ယာ ဘော်ဒီနဲ့ ကြမ်းခင်းအံဝှက်အတွင်းတို့မှ ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၆၀၀၀ ပြား၊ ဘိန်းဖြူဆပ်ပြာခွက် ၁၉၈ ခွက် (၁ ဒသမ ၉၈) ကီလိုအား သိမ်းဆည်းမိခဲ့တယ်လို့ ဆိုပါတယ်။
မဘိမ်းမြို့နယ် ပွေးတူကျေးရွာအနီး မြစ်ဆုံကူးတို့ဆိပ်မှာလည်း ဇန်နဝါရီလ ၉ ရက်နေ့ ၀၁း၀၀ အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဝေယံအောင်မောင်းနှင်ပြီး ဒေါ်ချစ်သဲချို လိုက်ပါလာတဲ့ ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ်ခွကြားရှိ ကြွပ်ကြွပ်အိတ်အတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် ၁၁ ခွက် ၀ ဒသမ ၁၁ ကီလိုအား သိမ်းဆည်းရမိခဲ့ပါတယ်။
နော်ဆိုင်း၊ ဝေယံအောင်နဲ့ ဒေါ်ချစ်သဲချိုတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။