DVB Logo
Home
ကျန်းမာရေး
အရက်ကြောင့် သေဆုံးသူဦးရေ ၂ဆခန့်တိုးလာတာ သင်သိပြီးပြီလား
DVB
·
January 10, 2020
အရက်ကြောင့် သေဆုံးသူဦးရေ ၂ဆခန့်တိုးလာတာ သင်သိပြီးပြီလား
Donate to DVB

လေ့လာတွေ့ရှိချက်တွေအရ ၁၉၉၉ ခုနှစ်ကနေ စတင်ပြီး အရက်ကြောင့် လူသေဆုံးမှု အရေအတွက်ဟာ ၂ဆခန့်မြင့်တက်လာတယ်လို့ ပညာရှင်တွေက ဆိုထားကြပါတယ်။ သေဆုံးသူတွေကို စစ်တမ်းကောက်ကြည့်တဲ့အခါ အသက် ၁၆ နှစ်နဲ့ အထက် လူငယ်တွေအပြင် လူလတ်ပိုင်းအရွယ်တွေ အလွန်များတာကိုလည်း တွေ့ရှိရပါတယ်။

တကယ်တော့ လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ဒုက္ခပေးနေတဲ့ ရန်သူတွေထဲမှာ အရက်သည်လည်း ထိပ်ဆုံးကပါပဲ။ ဆေးဖြစ် ဝါးဖြစ် မှီဝဲလို့ရပေမယ့် တကယ်တမ်းမှာတော့ လိုတာထက်ပိုတဲ့ ပမာဏတွေကို အလွန်အကျွံသောက်နေကြပါတယ်။ အရက်သောက်သုံးတဲ့ အမျိုးသားဦးရေဟာ အရင်ကရော အခုရော များတယ်လို့ ဆိုလို့ရတဲ့ ပမာဏမှာပဲ ရှိနေသေးပေမယ့် အရက်အလွန်အကျွံသောက်တဲ့ အမျိုးသမီးဦးရေကတော့ ၂၀၁၇ – ၁၈ ကြားမှာ သိသိသာသာ ပိုများလာပါပြီ။

အဓိက အရက်သောက်တဲ့အခါ အသည်းအဆီဖုံးမယ်၊ အသည်းရဲ့ လုပ်ဆောင်မှုအားတွေ ကျဆင်းပြီး အသည်းပျက်စီးမယ်၊ နှလုံးကိုလည်း သွားပြီး ထိခိုက်မယ်။ နောက်ထပ် သေဆုံးမှုများရခြင်း အကြောင်းကတော့ အရက်သောက်တဲ့သူတွေဟာ အရက်တင်မကဘဲ ဆေးလိပ်၊ Vape အီးစီးကရက်၊ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးတွေကိုပါ သုံးစွဲကြတယ်ဆိုတဲ့ အချက်ပါ။ နေ့တိုင်းလိုလို အရက်ကလည်း သောက်တယ်၊ ကျန်တဲ့ ကိုယ့်ကျန်းမာရေးကို ထပ်ပြီးထိခိုက်စေနိုင်တဲ့အရာတွေကိုပါ အမြဲမှီဝဲနေရင်တော့ အရွယ်ငယ်ငယ်လေးနဲ့ အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်ဖြစ်စေမှာ အသေအချာပါပဲ။

လူငယ်တွေနဲ့ အရက်သောက်သုံးမှုနှုန်း မြင့်တက်လာခြင်း


များသောအားဖြင့် အသက် ၁၆ နှစ်ဝန်းကျင်ခန့် ဆယ်ကျော်သက်လူငယ်တွေ၊ ၂၀-၃၅ ဝန်းကျင် လူငယ်တွေမှာ အရက်ပို သောက်လာတတ်ပါတယ်။ အပေါင်းအသင်းတွေကြောင့် သောက်ရင်းကနေ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်စွဲသွားတာ၊ အရက်ကို နေ့စဉ်ရက်ဆက် စွဲသောက်တာ၊ လုပ်ငန်းခွင်၊ မိတ်ဆုံစားပွဲတွေ သွားရတဲ့အခါ ဧည့်ဝတ်ကျေပွန်တဲ့အနေနဲ့ မသောက်လို့မဖြစ် သောက်ရတာ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ကျရောဂါနဲ့ တခြားသော စိတ်ကျန်းမာရေးပြဿနာတွေကြောင့် အရက်ကို ဖြေဆေးအဖြစ်နဲ့ မှီဝဲလာကြပါတယ်။ လူငယ်တွေဆိုတာ နဂိုကတည်းက အသစ်အဆန်းတွေကို စမ်းလုပ်ကြည့်ရာကနေ စွဲလမ်းသွားတတ်ပြီး အလွန်အကျွံလုပ်မိရာက Overdose – အရက်အလွန်အကျွံသောက်ခြင်းကြောင့် အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်တတ်ပါတယ်။

အရက်ကို စိတ်ရဲ့ထွက်ပေါက်ဖြေဆေးအဖြစ် မှီဝဲကြပေမယ့် တကယ်တမ်းမှာ စိတ်ရောဂါကို ပျောက်သွားအောင် ကုပေးနိုင်တာမဟုတ်ဘဲ ပိုပြီးတော့ ဆိုးသွားစေနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်တဲ့သူတွေမှာ လူမှုပတ်ဝန်းကျင်ရော အလုပ်ခွင်မှာပါ စိတ်မကြည် မလန်းဆန်းနဲ့ တစ်နေ့တာ ကိုယ့်ရဲ့လုပ်ဆောင်အားကို ကျဆင်းစေရုံသာမက စိတ်ကျန်းမာရေးပြဿနာတွေ ပိုဆိုးသွားစေနိုင်တယ်။ နောက်ဆက်တွဲအနေနဲ့ အအိပ်ပျက်၊ အစားပျက်ဖြစ်ပြီး စိတ်ဓာတ်ကျရာမှ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာမျိုးတွေလည်း လူငယ်တွေကြားမှာ အလွန်အဖြစ်များလာပါတယ်။

အဲ့ဒါဆို ဘာဆက်လုပ်ကြမလဲ။


အရက်ဖြတ်ခြင်းဟာ အကောင်းဆုံး ရွေးချယ်မှုဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖြတ်ရခက်နေတဲ့သူတွေအနေနဲ့

• အရက်ကို ပုံမှန်သောက်တာထက် လျှော့သောက်တာ
• နေ့စဉ်ရက်ဆက် သောက်တာမျိုးထက် တစ်ပတ်ကို တစ်ကြိမ်၊ ၂ကြိမ်လောက်ပဲ သောက်တာ
• ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကို သေချာဂရုစိုက်တာ
• အစာအာဟာရကို ပြည့်ဝစုံလင်စွာ စားသုံးပေးတာ
• ကိုယ်ပျော်ရွှင်တဲ့ အရာတွေကိုပဲ အဓိကလုပ်ပြီး တစ်နေ့တာကို အကောင်းဆုံးကျော်ဖြတ်တာ
• စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာကိစ္စတွေကို တစ်ယောက်တည်း မျိုသိပ်တာထက် ကိုယ့်အရင်းနှီးဆုံးမိတ်ဆွေတွေနဲ့ ရင်ဖွင့်တိုင်ပင်တာ
• အပျော်အပါးထက် ကိုယ့်ဘဝ၊ ကိုယ့်ကျန်းမာရေး၊ ကိုယ့်အနာဂတ်ကို ပိုဦးစားပေးတာ
• အထူးသဖြင့် အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာနဲ့ မိသားစုအသိုက်အမြုံလေး တည်ဆောက်ချင်သူတွေတိုင်းရဲ့ အိပ်မက်ကို ဖျက်ဆီးနိုင်တာဟာ အရက်ဖြစ်တဲ့အကြောင်း
• အရက်ကြောင့် ဘယ်လိုနောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေ ကြုံတွေ့နိုင်လဲဆိုတာ ရှာဖွေလေ့လာတာ၊ ဆေးပညာဆောင်းပါးတွေ ဖတ်ရှုတာမျိုး လုပ်ကြည့်လို့ ရပါတယ်။

အရက်စွဲနေတဲ့ လူငယ်တွေလည်း ကိုယ့်ရဲ့အမှားကို အချိန်မှီပြန်ပြင်ပြီး အရက်ကို ဖြတ်မယ် သို့မဟုတ် လျှော့သောက်ဖို့ ကြိုးစားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးတစ်ခု ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

hellosayarwon မှ ပြန်လည်ကူးယူဖော်ပြသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013