
ဂျပန်နိုင်ငံမြောက်ပိုင်း အီဝါတေစီရင်စုရဲ့ နေရာ ၂ နေရာမှာ ၄ ရက်မြောက်နေ့ အဖြစ် ဆက်လက် လောင်ကျွမ်းနေတဲ့ တောမီးတွေဟာ ဧပြီ ၂၅ ရက်မှာ အိုဆုချီမြို့ရဲ့ လူနေရပ်ကွက်တွေဆီကို ပိုမိုနီးကပ်လာတာကြောင့် လူပေါင်း ၃,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့် ပေးထားရပါတယ်။
မြေပြင်နဲ့ လေကြောင်း မီးငြှိမ်းသတ်ရေး ကြိုးပမ်းမှုတွေမှာလည်း ဝန်ထမ်းအင်အား ၁,၀၀၀ ကျော် အထိ တိုးမြှင့်ခဲ့ပါတယ်။
ဒါပေမဲ့ ရာသီဥတုက ခြောက်သွေ့နေတာကြောင့် ဒီနေ့အထိ မီးကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။
တောမီးဟာ ဧပြီ ၂၂ ရက်မွန်းလွဲပိုင်းမှာ အီဝါတေ ခရိုင်ထဲက တောင်တန်းဒေသတခုမှာ စတင် လောင်ကျွမ်းခဲ့ပြီး အဲဒီနောက် ၂ နာရီလောက်အကြာမှာပဲ ၁၀ ကီလိုမီတာလောက်ဝေးတဲ့ အို့ဆူချီမြို့ နားက နောက်ထပ်တနေရာမှာ မီးထပ်လောင်ခဲ့တာဖြစ်ပါတယ်။
ပြင်ပခရိုင်တွေကနေ စေလွှတ်ပေးလာတဲ့ မီးသတ်သမားတွေအပါအဝင် မီးသတ်သမားတွေဟာ လူနေအိမ်တွေကို ကာကွယ်ပေးနိုင်ဖို့ မီးငြှိမ်းသတ်နေကြကြောင်း ဒေသဆိုင်ရာအာဏာပိုင်တွေက ပြောကြားပါတယ်။
အို့ဆူချီမြို့တော်ဝန် ကိုဇိုဟီရာနိုကတော့ ၂၀၁၁ ဆူနာမီတုန်းက အကုန်ပျက်စီးလို့ အသစ်ပြန် တည်ဆောက်ထားရတဲ့ ဒီမြို့လေးမှာ ဒေသခံတွေ သူတို့အိမ်တွေကို နောက်တကြိမ် ထပ်အဆုံးရှုံးမခံနိုင်ဘူးလို့ ပြောပါတယ်။
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းကမ်းရိုးတန်းမှာ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့တာကြောင့် ဒေသခံတချို့ဟာ ဧပြီ ၂၀ ရက် ကတည်းက ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေရပါတယ်။
အခုတခါ တောမီးက ခိုလှုံရေးစခန်းနားအထိ ကပ်လာလို့ စခန်းတချို့ကိုပါပိတ်ပြီး ထပ်ပြောင်း နေရတဲ့အတွက် ဒေသခံတွေဟာ ငလျင်၊ ဆူနာမီနဲ့ မီးဘေး အန္တရာယ် ၃ ခုလုံးကို တပြိုင်နက်တည်း ကြောက်လန့်တကြား ရင်ဆိုင်နေရပါတယ်။
လက်ရှိအချိန်အထိ မီးလောင်ကျွမ်းဧရိယာဟာ ဟက်တာ ၇၃၀ ကျော်အထိ ရှိလာပြီး အိမ်ထောင်စု ၁,၅၄၁ စု၊ လူဦးရေ ၃,၂၃၃ ယောက်ကို ရွှေ့ပြောင်းစေခဲ့ပါတယ်။
အခုတောမီးကြောင့် အို့ဆူချီမြို့က လူနေအိမ်တလုံး အပါအဝင် အဆောက်အအုံ ၈ လုံး မီးထဲ ပါသွားပေမဲ့ လက်ရှိအချိန်ထိ လူထိခိုက် သေဆုံးတာ မရှိသေးပါဘူး။
အခုတောမီးဟာ ဂျပန်သမိုင်းမှာ တတိယမြောက် အကြီးမားဆုံး တောမီးဖြစ်လာပါတယ်။ ၂၀၂၅ ခုနှစ်မှာ ပထမဆုံးအကြိမ် လောင်ခဲ့တုန်းက အိုဖူနာတိုမှာ ဟက်တာ ၃,၃၇၀ လောင်ခဲ့တာဖြစ်ပြီး၊ ၁၉၉၂ ခုနှစ် ခုရှိရိုမြို့မှာ ဒုတိယအကြိမ် တောမီးလောင်ကျွမ်းမှုကြောင့် ဟက်တာ ၁,၀၃၀ ဆုံးရှုံး ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။
Source:Reuters











