DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်များ၏<br /> ဆွေးနွေးချက် အလေးထားမည်ဟု <br />ကာကွယ်ရေးဝန်ကြီးဌာန ရှင်းလင်း
DVB
·
February 18, 2013
လွှတ်တော်ကိုယ်စားလှယ်များ၏<br /> ဆွေးနွေးချက် အလေးထားမည်ဟု <br />ကာကွယ်ရေးဝန်ကြီးဌာန ရှင်းလင်း
Donate to DVB

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမျိုးသားစီမံကိန်းမှာပါရှိတဲ့ မူတွေ၊ လုပ်ငန်းစဉ်တွေ ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်ကို အလေးထားဆောင်ရွက်မယ်လို့ ကာကွယ်ရေး ဒု-၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဒီကနေ့ ကတိက၀တ်ပြုသွားပါတယ်။

တပ်မတော်ရည်မှန်းချက် ၄ ရပ်ကို အမျိုးသားစီမံကိန်းတွင်းမှာ ထည့်သွင်းဖော်ပြထားတဲ့အပေါ် ယေဘုယျမူသဘောမဆောင်ဘဲ ရှင်းလင်းပြတ်သားစွာနဲ့ အားလုံးလက်ခံနိုင်အောင် တိတိကျကျပြောပြဖို့ ကိုယ်စားလှယ်တွေက လွန်ခဲ့ရက်ပိုင်းက ထောက်ပြခဲ့ကြပါတယ်။

အဲဒီအပေါ် ကာကွယ်ရေးဝန်ကြီးဌာနက လာရောက်ပြီး လွှတ်တော်ဆန္ဒ၊ ပြည်သူ့ဆန္ဒထင်ဟပ်တာကို ပြန်လည်ဖြည့်စွက်ပြင်ဆင်ပြီး တင်ပြပေးသွားပါမယ်လို့ ဗိုလ်ချုပ်ကျော်ညွန့်က ပြောသွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

“ပြည်သူယုံကြည်တဲ့တပ်မတော်ဖြစ်ဖို့အတွက် ကိုယ်စားလှယ်တင်တဲ့ အကြံပြုချက်ရှိတယ်လေ။ အဓိက အင်ဂျားယန်မြို့နယ်က ဒေါ်ဒွဲဘူတင်တာနဲ့ပတ်သက်လို့ တပ်မတော်ရဲ့ပွင့်လင်းမြင်သာစွာ မူတွေ ရှင်းလင်းပြတ်သားစွာနဲ့ ပြည်သူယုံကြည်ကိုးစားတဲ့ တပ်မတော်ဖြစ်ရေးအတွက်ကို အဲဒါတွေအပေါ် အသေးစိတ်လေးတွေ ဆောင်ရွက်ပေးပါ။ ဖော်ပြပေးပါဆိုတာကို ကာကွယ်ရေးဝန်ကြီးအနေနဲ့ အဲဒါကို အဓိကထားပြောတာပါ။ အဲဒါနဲ့ပတ်သက်လို့ ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိက၀တ်၊ မူအရ ဆောင်ရွက်သွားပေးမယ်ပေါ့လေ။ ရည်မှန်းချက်တွေကလည်း ဆောင်ရွက်ချက်တွေကလည်း အခြေခံဥပဒေနဲ့အညီဖြစ်စေရမယ်ပေါ့လေ။ ပြည်သူယုံအောင် ဆောင်ရွက်ပေးမယ် ဆိုတာတွေ။ ပြည်သူ့ဆန္ဒနဲ့ညီတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်တွေပေါ့. ဒီသဘောတွေ လိုအပ်တာ ထည့်သွင်းဖြည့်စွက်ပေးမယ်ဆိုတာမျိုးပါ။”

နိုင်ငံတော်ကာကွယ်ရေးအသုံးစရိတ် တင်ပြချက်ဟာ အသုံးစရိတ်စုစုပေါင်းရဲ့ ၂၀ ဒဿမ ၈၆ ရာခိုင်နှုန်းအထိ များပြားနေတဲ့အပေါ် လွှတ်တော်အမတ်တွေဘက်ကလည်း ဝေဖန်ပိုင်းခြား သုံးသပ်မှု မလုပ်ကြဘူးလို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ရခိုင်ပြည်နယ် မြေပုံမြို့နယ် လွှတ်တော်အမတ် ဦးဖေသန်းက ထောက်ပြပါတယ်။

“ကာကွယ်ရေးအသုံးစရိတ်က နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှုရဲ့ ၂၀ ဒဿမကနေ ၈၆ ရာခိုင်နှုန်းထိ အများဆုံးဖြစ်နေတော့ နိုင်ငံအတွက် မကောင်းဘူး။ အဲဒါကို ပြည်သူ့ကိုယ်စားလှယ်တွေကလည်း သိပ်ပြီးဝေဖန်တာ မရှိဘူး။ သူတို့ကလည်း ပြန်ပြီး ရှင်းပြစရာမရှိပါဘူး။ နိုင်ငံတော်ကလည်း လျှို့ဝှက်ပေးထားတယ်ဆိုတော့ အသေးစိတ်မရှင်းပြဘူး။ အသုံးစရိတ်မှာလည်း အသေးစိတ်ရေးဆွဲထားတာ မတွေ့ရဘူး။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အဲဒီအပေါ်မှာ ဘာမှပြန်ပြီးတော့ ဝေဖန်တာ၊ ပိုင်းခြားတာ၊ သုံးသပ်တာတွေ မလုပ်ကြဘူး။”

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်နာယက ဦးခင်အောင်မြင့်က ပြည်သူတွေနဲ့ လွှတ်တော်အမတ်တွေရဲ့ တင်ပြချက်တွေကို အလေးထားဖို့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေကို သတိပေးပြောဆိုခဲ့တယ်လို့ ဦးဖေသန်းက ဆိုပါတယ်။

“ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းက လုပ်ထားတာတွေ လုပ်မှာတွေ၊ ရည်မှန်းချက်တွေ တင်ပြဆွေးနွေးတော့ လွှတ်တော်နာယကက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေအပေါ် ဆွေးနွေးဖို့လိုတယ်။ လွှတ်တော်မှာလည်း ၁၃၊ ၁၄ မူဝါဒနဲ့ပတ်သက်လို့ ဆွေးနွေးရာမှာ ၀န်ကြီး၊ ပြည်ထောင်စုဝန်ကြီးမရောက်တာတွေလည်း ထောက်ပြတယ်။ အဲဒါတွေကို ထောက်ပြပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူ့အသံကို နားထောင်ရမှာဖြစ်တယ်။ ခေတ်ကပြောင်းလဲလာပြီ။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အသံကိုနားထောင်ပြီးတော့ ဆွေးနွေးချက်အပေါ်မှာ ပြန်ဖြေရှင်းဖို့လိုတယ်။ လုပ်ငန်းစဉ်ကြီးတွေ ဖတ်ပြနေလို့ ဘာမှမထူးဘူးဆိုပြီး ပြောတယ်။ တခြား ၀န်ကြီးတွေလည်း. ဥပမာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ရှင်းလင်းချက်တွေကို ပြန်ရှင်းလင်းဖို့အဆင့်သင့်မဖြစ်သေးဘူးဆိုလည်း နောက်နေ့ပြန်လုပ်ပါတဲ့။ အဓိကက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေ၊ အကြံပြုချက်တွေကို ဆွေးနွေးဖို့လိုတယ်ပေါ့။ အစီအစဉ်မပါရင်လည်း ပြောပါတဲ့၊ နောက်နေ့ ပြန်ရှင်းပေးမယ်တဲ့။ တချို့ဝန်ကြီးတွေလည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေကို သိပ်ဂရုမစိုက်ဘူး။ နာယကကြီးက နည်းနည်းသတိပေးလိုက်တာပေါ့။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013