DVB Logo
Home
မေးမြန်းခန်း
လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်အတွက် လယ်သမားရှေ့နေ စိုးရိမ်ပူပန်
DVB
·
February 18, 2013
လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်အတွက် လယ်သမားရှေ့နေ စိုးရိမ်ပူပန်
Donate to DVB

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနဲ့အညီ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်တွေကို ဒီနှစ်ဆန်းကစလို့ သုံးလအတွင်း လုပ်ဆောင်ကြဖို့ ဆောင်ရွက်နေရာမှာ လယ်သိမ်းခံထားရတဲ့ တောင်သူတွေ နစ်နာနေတာကြောင့် တောင်သူတွေအတွက် အောက်ခြေ အထိ ဂရုထားလုပ်ဆောင်ဖို့ လိုနေတယ်လို့ လယ်သမားရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

လယ်ယာမြေဥပဒေဟာ ၂၀၁၂ ခုနှစ်၊ ဩဂုတ် ၃၁ ရက်နေ့မှာ အာဏာတည်တယ်လို့ အဆိုပါနေ့မှာပဲ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။

လယ်ယာမြေလုပ်ပိုင်ခွင့်မှာ လက်ရှိသုံးခွင့်ရ လယ်ယာမြေလုပ်ပိုင်ခွင့်၊ ပြန်လည်သိမ်းယူတဲ့ လယ်ယာမြေနဲ့ အသစ်ဖော်ထုတ်သော လယ်ယာမြေတွေအတွက် လယ်ယာလုပ်ပိုင်ခွင့်၊ လွှဲပြောင်းလက်ခံ အမွေဆက်ခံတဲ့ မြေလွတ်မြေရိုင်းမှ ပြောင်းလဲသတ်မှတ်တဲ့ လယ်ယာမြေတွေအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်နဲ့ မြေလွတ်၊ မြေလတ်နဲ့ မြေရိုင်းမှ ပြောင်းလဲသတ်မှတ်တဲ့ လယ်ယာမြေများ ဆိုပြီး ပါရှိပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး လယ်သမားရှေ့နေ ဦးမြင့်သွင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်တွေ ထုတ်ပေးတာကို ၃ လအတွင်း ဆောင်ရွက်မယ်ဆိုပြီး သတင်းတခု တွေ့တယ်။ လယ်ယာမြေသိမ်းဆည်းမှုနဲ့ပတ်သက်ပြီး အရှုပ်အရှင်းတွေ မလုပ်ရသေးခင် ဒီဟာထုတ်ပေးတာနဲ့ပတ်သက်ပြီး မြေပြင်အခြေအနေက ဘာတွေ ကြုံတွေ့နေရလဲ။

“မြေပြင်အခြေအနေက ဒီဥပဒေသစ်မပေါ်ခင်မှာ သိမ်းထားတာတွေက ဥပဒေနဲ့ မညီညွတ်တာတွေ တွေ့တယ်။ ဥပမာ ၁၉၈၄ မြေသိမ်းအက်ဥပဒေအရလည်း လျော်ကြေးပေးထားတာ မရှိဘူး။ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်သိမ်းတဲ့ ဥပဒေပုဒ်မ ၃၉ အရလည်း လျော်ကြေး၊ နစ်နာကြေး ပေးထားတာ မရှိဘူး။ အဲလို မရှိတဲ့ မြေတွေကို အခု ဥပဒေသစ်အရ လုပ်ပိုင်ခွင့် မှတ်ပုံတင် လျှောက်တဲ့အခါမှာ၊ ပုံစံ ၁ ကို ဖြည့်တဲ့အခါမှာ နည်းနည်းရှုပ်ထွေးနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သိမ်းထားတယ်ဆိုတဲ့ မြေတွေမှာက လက်ရှိတောင်သူတွေ မြေခွန်ဆောင်ပြီး စိုက်နေတာတွေလည်း ရှိတယ်။ လက်ရှိတောင်သူတွေကို စိုက်ခွင့်ပေးထားပြီးတော့ ကုမ္ပဏီဖြစ်စေ၊ တပ်ကဖြစ်စေ၊ စက်ရုံတွေကဖြစ်စေ သိမ်းထားတဲ့မြေတွေ ရှိတာတွေလည်း တွေ့ရတယ်။ တကယ်တမ်း တကယ်စိုက်ပျိုးတဲ့တောင်သူတွေကို ပုံစံ ၁ မှာ ဖြည့်ခွင့်ပေးရမှာ ဖြစ်တယ်။

“ပုသိမ်ကြီးဘက်တွေနဲ့ ကျောက်ဆည်ဘက်တွေမှာ တပ်ကသိမ်းထားပြီး တောင်သူတွေ လက်ရှိစိုက်နေတာတွေ ရှိတယ်။ အဲတော့ မြေစာရင်းတွေက တပ်ကနေသိမ်းထားပါတယ်ဆိုပြီး တောင်သူတွေကို ပုံစံ ၁ တွေ ထုတ်မပေးတာလည်း တွေ့တယ်။ တောင်သူတွေကို အာဏာပိုင်အဖွဲ့အစည်း၊ ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြေစာရင်းဦးစီးမှူးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပုံစံ ၁ ကို သိမ်းထားတဲ့ လယ်မြေတွေမှာ မထုတ်ပေးတာကလည်း ဥပဒေနဲ့ မညီညွတ်ဘူး။ လယ်ယာမြေဥပဒေ အခန်း ၂ အပိုဒ် ၃ နဲ့ ၄ မှာ ပုံစံ ၁ ကို အခမဲ့ ထုတ်ပေးရမယ်လို့ ရေးထားတယ်။ အခမဲ့ ထုတ်ပေးပြီးမှ စိုက်နေတဲ့ တောင်သူက လုပ်ပိုင်ခွင့် မြေခွန်ဆောင်ထားတဲ့ အထောက်အထားတွေ၊ သီးစားချတဲ့ အထောက်အထားတွေနဲ့ ပုံစံ ၁ ကို ဖြည့်ပြီးရင် လျှောက်ခွင့်ရှိတယ်။ လျှောက်ခွင့်ရှိပြီးမှ ပုံစံ ၂ တို့၊ ပုံစံ ၃ တို့အရ ကန့်ကွက်မယ့် မြေစာရင်း ဦးစီးမှူးကနေပြီးတော့ လုပ်ပိုင်ခွင့် မှတ်ပုံတင်လျှောက်တာကို ကန့်ကွက်နိုင်တဲ့အကြောင်း၊ ရက်ပေါင်း ၃၀ အတွင်း ကန့်ကွက်နိုင်တဲ့အကြောင်း ကြေညာဖို့တို့၊ အမည်ပြောင်းတဲ့ မြေယာတွေမှာလည်း ကန့်ကွက်နိုင်ကြောင်း ကြေညာဖို့တို့ ဥပဒေမှာ ရေးထားတာပဲ။

“ဒါပေမယ့် တောင်သူတွေကို လျှောက်ခွင့်မပေးဘူးဆိုတာကလည်း ဥပဒေနဲ့ မညီညွတ်ဘူးဖြစ်နေတယ်။ တောင်သူတွေမှာ တော်တော်နစ်နာနေတယ်။ အရင်တုန်းကလည်း လျော်ကြေး၊ နစ်နာကြေးကို ဥပဒေနဲ့အညီ မရဘူး။ ယခုဥပဒေသစ်အရလည်း လုပ်ပိုင်ခွင့် မှတ်ပုံတင်လျှောက်တဲ့အခါမှာ တောင်သူတွေကို ပုံစံ ၁ ထုတ်မပေးတဲ့ အခက်အခဲတွေ ဖြစ်နေတာတွေကတော့ အထက်က အာဏာပိုင်အဖွဲ့အစည်းတွေ မျှမျှတတဖြစ်အောင်တော့ လုပ်ပေးဖို့ လိုနေတယ်။”

အခု ပုံစံ ၁ တောင် အဆင်မပြေတော့ အဲဒီအရေအတွက်က တနိုင်ငံလုံးနဲ့ ခြုံရင် နည်းနည်းလေးလား၊ ဒါမှမဟုတ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာလား။

“ကျယ်ကျယ်ပြန့်ပြန့်ကို များတယ်။ လက်ရှိတွေ့ထားတာက ကချင်ရယ်၊ ရှမ်းရယ်၊ နောက် ကျနောက်လက်လှမ်းမီသလောက်ရောက်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း တော်တော်များများမှာ ပုံစံ ၁ နဲ့ပတ်သက်လို့ စက်ရုံကို စစ်တပ်ကသိမ်းတာ၊ ပုဂ္ဂလိက တဦးချင်းနာမည်နဲ့သိမ်းတာ၊ ကုမ္ပဏီတွေက သိမ်းတာတွေနဲ့ သိမ်းထားပြီးတော့ ၉၅-၉၆၊ ၂၀၀၀ ခုနှစ်တွေကတည်က လက်ဦးမှုတွေယူထားတယ်။ ဧကတွေထောင်နဲ့ချီယူထားတယ်။ ယူထားတဲ့လူတွေက စက်ရုံဆိုလည်း စက်ရုံနယ်နိမိတ်လောက်ထက် အများကြီးချဲ့ထားတယ်။ စစ်တပ်ဆိုလည်း စစ်တပ်နယ်နိမိတ်ထက်ပိုယူထားပြီးတော့ တောင်သူတွေလက်ရှိစိုက်နေပါလျက်နဲ့ ပုံစံ ၁ မထုတ်ပေးတာရှိတယ်။ နောက် မြေလွတ်မြေလပ်မြေရိုင်းဥပဒေ ၂၂ (ဂ)အရ စီမံကိန်းသီးနှံစိုက်တဲ့ စီမံကိန်းဧရိယာ၊ ဥပမာ- ၁ထောင်ဆိုရင် ၅၀၀ စိုက်ရင် ကျန်တဲ့ ၅၀၀ လစ်လပ်နေရင် နိုင်ငံတော်ကအလိုအလျောက် သိမ်းထားပြီးဖြစ်တယ်လို့ ရေးထားပြီးသား။ အဲမှာ လယ်ယာမြေဥပဒေပုဒ်မ ၃၂ အရဆိုရင် စီမံကိန်းအရလိုသလောက်ယူ၊ ကျန်တဲ့လစ်လပ်နေတဲ့နေရာကို ယခင်စိုက်တဲ့တောင်သူတွေကိုဖြစ်စေ၊ အဖွဲ့အစည်းကိုဖြစ်စေ ပြန်ပေးရမယ်လို့ ဥပဒေမှာရေးထားပါလျက်နဲ့ တောင်သူတွေကို ပြန်မပေးဘူး။ ပုံစံ ၁ ထုတ်မပေးဘူး။ လုပ်ပိုင်ခွင့်မှတ်ပုံတင်လျှောက်ခွင့် မပေးတာတွေကလည်း ဥပဒေနဲ့မညီညွတ်တာ တွေ့နေရတယ်။ တနိုင်ငံလုံးတော်တော်များများ ဖြစ်နေတယ်။”

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်နဲ့ လက်မှတ်များထုတ်ပေးတာကို ၃ လအတွင်း အပြီးဆောင်ရွက်မယ်ဆိုရင် လယ်ယာမြေသိမ်းဆည်းထားသူတွေအတွက် နစ်နာသလား။ သိမ်းခံထားရတဲ့ တောင်သူတွေနစ်နာသလား။ သဲသဲကွဲကွဲဖြစ်အောင် ရှင်းပြပေးပါ။

“ပုံမှန်ဆိုရင် နှစ်ဖက်လုံးနစ်နာတယ်။ သိမ်းဆည်းထားသူတွေကလည်း လုပ်ပိုင်ခွင့်မှတ်ပုံတင်လျှောက်ရင် သိမ်းဆည်းခံတောင်သူတွေက ကန့်ကွက်ခွင့်ရှိအောင် ကန့်ကွက်ကို ကန့်ကွက်ရမယ်။ တောင်သူတွေက စိုက်ပျိုးလို့ လုပ်ပိုင်ခွင့်မှတ်ပုံတင်လျှောက်ရင်လည်း သိမ်းဆည်းထားသူက ကန့်ကွက်ချင်ကန့်ကွက်ပေါ့။ ကန့်ကွက်ပြီဆိုရင် မြေယာမှုခင်းတွေ ကျိန်းသေ အများကြီးစစ်ရတော့မယ်။ မြေယာမှုခင်းတွေ မစစ်ချင်လို့ လုပ်ပိုင်ခွင့်မှတ်ပုံတင်လျှောက်တဲ့ ပုံစံ ၁ ကို မထုတ်ပေးတဲ့ပုံစံမျိုးဖြစ်နေတယ်။ အမှန်က နှစ်ဖက်ပြိုင်လျှောက်ကြ၊ ကန့်ကွက်ရင် ရပ်ကျေးမြေယာစီမံခန့်ခွဲမှုအဖွဲ့က မြေယာအမှုတွေ စစ်ရတော့မယ်။ လယ်ယာမြေအမှုတွေ တော်တော်များများ ပေါ်လာမယ့် သဘောရှိတယ်။ မြေယာအမှုတွေရှောင်ချင်လို့လုပ်နေရင်တော့ ပိုရှုပ်ထွေးလာဖို့ပဲရှိတယ်။ သိမ်းတဲ့သူကဖြစ်စေ၊ အသိမ်းခံရသူကဖြစ်စေ ကန့်ကွက်ရမှာပဲ။ ကန့်ကွက်ပြီး မြေယာအမှုကို စစ်ကိုစစ်ရတော့မယ်။”

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်နဲ့ ပတ်သက်လို့ အသိမ်းခံရသူတွေအတွက် ပညာပေးပြောချင်တာ ရှိရင်ပြောပေးပါ။

“အဓိက အသိမ်းခံရတဲ့တောင်သူတွေအနေနဲ့ လက်ရှိစိုက်ပျိုးနေတာမှန်ရင် အသိမ်းခံရပေမယ့် ထိုက်သင့်တဲ့လျော်ကြေး၊ နစ်နာကြေးကို ဥပဒေနဲ့အညီ ရအောင်ယူပါ။ မရခဲ့ရင်တောင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၆ အရ နိုင်ငံတော်ကရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိလို့ တောင်သူတွေအနေနဲ့ ဥပဒေနဲ့အညီ စိုက်ထားတာကို ကာကွယ်ပါ။ နောက် လုပ်ပိုင်ခွင့်မှတ်ပုံတင် လျှောက်ဖြစ်အောင်လျှောက်ပါ။ လျှောက်ပြီးရင် မြေခွန်လည်းဆောင်ရမယ်။ စိုက်သင့်တာကိုလည်း ဥပဒေနဲ့အညီစိုက်ရမယ်။ ဥပဒေအသစ်မှာ လုပ်ပိုင်ခွင့်မှတ်ပုံတင်မလုပ်ရင် မြေခွန်မဆောင်ရင်၊ မစိုက်ရင် ဥပဒေအသစ်မှာ ပြန်သိမ်းမယ်လို့ ရေးထားပါတယ်။ အဲလိုသိမ်းရင် လျော်ကြေး၊ နစ်နာကြေး မပေးဘူးလို့ ရေးထားတယ်။ ဒါကြောင့် တောင်သူတွေအနေနဲ့ ဆုံးရှူံးနစ်နာမှုတွေကတော့ လျော်ကြေးမရရင်လည်း တရားပြန်စွဲလို့ ရပါတယ်။ စွဲဖြစ်အောင်စွဲပါ။”
“ညွှန်ကြားချက်တွေအရ၊ ဥပဒေတွေအရ စစ်တပ်ဖြစ်စေ၊ စီးပွားရေးဇုန်ဖြစ်စေ၊ စီမံကိန်းဖြစ်စေ နစ်နာကြေး၊ လျော်ကြေးကို တရားစွဲတောင်းဆိုလို့ ရသလို နို့တစ်စာတွေ ပို့ပြီးလည်း တရားစွဲလို့ရပါတယ်။ လျှောက်စရာရှိတာတွေကိုလည်း လုပ်ပိုင်ခွင့်မှတ်ပုံတင်အတွက် အမှန်တကယ် စိုက်နေရင် လျှောက်ဖြစ်အောင် လျှောက်ကြပါလို့ ကျနော်ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013