DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံထဲရှိ ယာယီနိုင်ငံကူးလက်မှတ်လုပ်ပေးမည့် စခန်းများ အဆင်သင့် မဖြစ်သေး
DVB
·
February 18, 2013
ထိုင်းနိုင်ငံထဲရှိ ယာယီနိုင်ငံကူးလက်မှတ်လုပ်ပေးမည့် စခန်းများ အဆင်သင့် မဖြစ်သေး
Donate to DVB

ထိုင်းနိုင်ငံတွင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်းတွေ ဖွင့်လှစ်ပြီး လုပ်ငန်းတွေ စတင်နေပြီ ဆိုပေမယ့် စခန်းတချို့ဒီနေ့ထိ မဖွင့်နိုင်သေးဘူးလို့ သိရှိရပါတယ်။

ထိုင်းနိုင်ငံထဲရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အလုပ်သမားများအား ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်တွေကို စခန်း ၁၁ ခုမှာ ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး စတင်ဆောင်ရွက်မယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖေဖော်ဝါရီ ၁၄ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဘန်ကောက်မြို့ မြန်မာသံရုံးက မြန်မာအလုပ်သမားတာဝန်ခံကို ဒီနေ့ ဆက်သွယ်မေးမြန်းရာမှာလည်း စခန်းတွေ ဖွင့်ထားပြီလို့ ပြောပါတယ်။

“သောကြာနေ့က ရောက်ပြီ၊ ၁၃ ရက်နေ့ကတည်းက ၀င်ထားပြီးပြီ။ စခန်းတွေအားလုံးဖွင့်ထားတယ်။ အခုလောလောဆယ် သက်တမ်းတိုး လုပ်လို့ရပြီ။”

စခန်း ၁၁ ခုထဲက ကန်ချနဘူရီရုံးကို ဆက်သွယ်မေးကြည့်ရာမှာတော့ မြန်မာအလုပ်သမားဌာန တာဝန်ရှိသူတဦးက အဆင်သင့် မဖြစ်သေးတဲ့အကြောင်း အခုလို ပြောပါတယ်။

“အလုပ်လုပ်မယ့် အဖွဲ့တွေကရောက်ပြီ။ မြန်မာဘက်က အဆင်သင့်ဖြစ်ပြီ၊ ထိုင်းဘက်က အဆင်သင့်မဖြစ်သေးဘူး။ ကျနော်တို့ စက်တွေဘာတွေ ဆင်ပြီးပြီ။ အလုပ်သမားနဲ့ပတ်သက်တာက အလုပ်သမားတွေရဲ့ အလုပ်ရှင်တွေက စာရင်းတွေကောက်ပြီးတော့မှ စာရင်းပို့တဲ့အဆင့်ပဲရှိသေးတယ်။”

ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့မှာတော့ မြန်မာအလုပ်သမားဌာနက ၀န်ထမ်းတွေ မရောက်သေးလို့ အလုပ် မစနိုင်သေးတဲ့အကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“မြန်မာပြည်က အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ၀န်ထမ်း ၈ ဦးရောက်မလာသေးလို့ အလုပ်မစရသေးတဲ့အကြောင်း ထိုင်းက စကားပြန်ကတဆင့် ပြောပြတယ်။ ၂ ယောက်တော့ ရောက်ပြီ၊ ၆ ယောက် မရောက်သေးဘူး။”

မြန်မာအလုပ်သမားဌာနက လာရောက်လုပ်ကိုင်ဆောင်ရွက်ပေးမယ့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးလုပ်ငန်းစဉ်ဟာ အကုန်အကျ သက်သာပြီး တထိုင်ထဲ လုပ်ကိုင်ပေးမယ်ဆိုတာကြောင့် မဲဆောက်မှာရှိတဲ့ မြန်မာအလုပ်သမားတွေ စိတ်ဝင်တစား ရှိကြပုံကိုလည်း သူက ခုလို ပြောပါတယ်။

“ဖေဖော်ဝါရီ ၁၅ ရက်နေ့လာဖွင့်မယ်ဆိုတာ မဖွင့်ဖြစ်တော့ အလုပ်သမားတွေကြားထဲ ယုံကြည်မှုနည်းနည်းလျော့သွားတယ်။ နောက် အလုပ်သမားတွေက မိမိတို့ရဲ့ စာရွက်စာတမ်းအထောက်အထားတွေ မပြည့်စုံရင် မိမိတို့ကို မြန်မာပြည်ကလာတဲ့ စာရေးတွေက မြန်မာပြည်ကရုံးဌာနတွေလို အဟောက်အဟမ်း၊ ရင့်ရင့်သီးသီးဆက်ဆံမှုတွေ ကြုံရမလားဆိုပြီး စိုးရိမ်သောကတွေကလည်း ရှိကြတယ်။ တကယ်လို့များ စာရွက်စာတမ်းလိုရင် မြန်မာပြည် အလုပ်သမားရုံးကနေ one stop service နဲ့ မိမိတို့အလုပ်သမားတွေလိုတဲ့ ဖြည့်ကွက်ဟာကွက်လေးတွေကို ဖြည့်ဆည်းပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်မှိန်မှိန်လေးတွေလည်း ရှိကြတယ်။ အဲဒါတွေ အခုပြောသွားတဲ့ အချက်တွေ အားလုံးရဲ့ပြောင်းပြန်ဟာ မြန်မာပြည် အစိုးရကိုယ်စား လာမယ့် မြန်မာနိုင်ငံ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထားရှိသင့်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် သဘောထားလို့ မြင်ပါတယ်။”

ထိုင်းနိုင်ငံတွင်း ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးလုပ်ငန်းကို ဖေဖော်ဝါရီ ၁၅ ရက်ကနေ မေ ၁၅ ရက်ထိ ၃ လအတွင်း ဆောင်ရွက်ပေးသွားမယ့်အပြင် လက်မှတ်မရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ သန်းလောက် ကျန်ရှိနေသေးတယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013