
နိုင်ငံရေးအရ တရားဝင်မှုကို အတုအယောင် ရွေးကောက်ပွဲကနေ ဖန်တီးယူလို့ ရမှာမဟုတ်ကြောင်းနဲ့ တရားဝင်မှုရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကို အသိအမှတ်မပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
အာဆီယံနဲ့ ရွေးကောက်ပွဲဆိုင်ရာ တရားဝင်မှုအပေါ် စစ်အာဏာရှင်ရဲ့ ပြောဆိုထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး NUG နိုင်ငံခြားရေးဌာနက မေ ၁၁ ရက်မှာ သဘောထားထုတ်ပြန်လိုက်တာပါ။
အာဆီယံက ၂၀၂၅ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားတယ်လို့ စစ်အာဏာရှင်ကစွပ်စွဲကာ ခွဲခြားဖယ်ကြဉ်ဆက်ဆံနေရတယ်ဆိုပြီး ဝေဖန်ထားတဲ့ စစ်အာဏာရှင်လက်အောက်ခံ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ကိုလည်း NUG က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်လိုက် ပါတယ်။
ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ ပြောနေတဲ့ စစ်ခေါင်းဆောင်တွေဟာ လက်တွေ့မှာတော့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို အာဏာသိမ်းပြီးပယ်ဖျက်ခဲ့သူတွေဖြစ်သလို ရွေးကောက်ခံ ခေါင်းဆောင်တွေကိုလည်း ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားသူတွေဖြစ်တယ်လို့ NUG က ထောက်ပြထားပါတယ်။
စစ်အာဏာရှင်အပေါ် ထားရှိတဲ့ အာဆီယံရဲ့ လက်ရှိရပ်တည်ချက်ဟာ အကြောင်းမဲ့ သက်သက် ပေါ်ပေါက်လာတာ မဟုတ်ဘဲ စစ်အုပ်စုအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ လုံးဝ ပျက်ကွက်နေတာ၊ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖော်ဆောင်ဖို့ ငြင်းဆန်နေတာနဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ရိုက်အကျိုးဆက်ဖြစ်တယ်လို့ NUG က ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ မေ ၇ ရက်ကနေ ၉ ရက်အထိ ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ စစ်အာဏာရှင်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ တက်ခွင့်မရဘဲ ဖယ်ကြဉ်ထားခဲ့တာ ဖြစ်ပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်မရတာနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုတွေ ဆက်လက်ပြုလုပ်ဖို့ ကြိုးပမ်းနေပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ နိုင်ငံခြားရေးဌာနက မေ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
NUG အစိုးရကတော့ မြန်မာနိုင်ငံရှိ နိုင်ငံရေးပြဿနာကို လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာတွေ အတင်းအကျပ် ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲကတဆင့် ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ၊ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ ပြည်သူတို့ရဲ့ အချုပ်အခြာအာဏာအပေါ် အခြေခံတဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအကူးအပြောင်းမှတဆင့်သာ အခြေခံကျကျ ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ ဆန္ဒသဘောထားတွေကို ဖယ်ကြဉ်ထားတဲ့ ဘယ်လို နိုင်ငံရေး လုပ်ငန်းစဉ်မျိုးမဆို စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဝင်မှုတို့ကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။
အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မြန်မာပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေကို ဆက်လက် အခိုင်အမာ ထောက်ခံပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။











