
“လူ့ဘဝကြီးမှာအမြဲ… အထီးကျန်လွန်းစွာနဲ့… ဖြတ်သန်းတာ များလာတော့… ငါ စိတ်ပျက်တယ်… ထမင်းတွေ မငတ်ပေမယ့်… အိုး… အချစ်တွေ ငတ်နေတဲ့… Single လေး တယောက်ပါပဲ… ငါ အားသိပ်ငယ်”
ဒါကတော့ လတ်တလော အသစ်ထွက်ရှိထားတဲ့ တေးသံရှင် မိစန္ဒီရဲ့ သီချင်းသစ်တပုဒ်ဖြစ်တဲ့ ‘ဈေးဗန်း’ သီချင်းထဲက စာသားတွေဖြစ်ပြီး လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။
သူကိုယ်တိုင်ရေးစပ်ထားတဲ့ ဒီသီချင်းကို အစက Lyrics Video ပုံစံနဲ့ စတင်မျှဝေခဲ့တာ ဖြစ်ပြီး ခုတခါမှာတော့ မိစန္ဒီကိုယ်တိုင်သီဆိုသရုပ်ဆောင်မှုနဲ့ ထပ်မံထွက်ရှိလာခဲ့တာပါ။
“အားလုံးဘေးဖယ်… အားလုံးဘေးဖယ်… လမ်းရှင်းထားကွယ်… လမ်းရှင်းထားကွယ်… ဈေးဗန်းခင်းမယ်… ဈေးဗန်းခင်းမယ်… မမ ဈေးဗန်းခင်းမယ်… အားလုံးဘေးဖယ်… အားလုံးဘေးဖယ်… လမ်းရှင်းထားကွယ်… လမ်းရှင်းထားကွယ်… ဈေးဗန်းခင်းမယ်… ဈေးဗန်းခင်းမယ်… ညီမလေး ဈေးဗန်းခင်းမယ်”
လူငယ်ပရိသတ်တွေကြား ရေပန်းစားအားပေးမှုတွေနဲ့ အခိုင်အမာရပ်တည်ခဲ့တဲ့ ဟစ်ပ်ဟော့ပ်နဲ့ အာရ်အဲန်ဘီအဆိုတော် မိစန္ဒီက ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ တရား ဝင်ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
“မင်းရဲ့ မမက… ထက်မြက်တဲ့မိန်းမ… ရစ်တတ်တယ်ဆိုတာ မနဲ့မအပ်စပ်တဲ့ ကိစ္စ.. ရင့်ကျက်တည်ငြိမ် သဘောကောင်းတဲ့ မိန်းမသား… ကလေးကလား ကိစ္စနဲ့ Pressure တွေ မပေးပါ… အိမ်မှုကိစ္စအချက်အပြုတ် ကျွမ်းပါတယ် အတော်လေး… ငွေ ရှာလည်း သိပ်တော်တယ်… ကြိုက်တဲ့သူခေါ်မေး… အစစအရာရာ မဘဝမှာ ပြည့်စုံတယ် အတော်လေး… တခုတည်းပဲ လိုနေတာ… ချစ်ရမယ့် မောင်လေး”
ထွက်ရှိခဲ့ဖူးတဲ့ သူ့သီချင်းတွေရဲ့ ထုံးစံအတိုင်း အမိုက်စား ရက်ပ်တေးသွားတွေ၊ အလန်းစား ရိုက်ချက်တွေနဲ့ ဒီသီချင်းရုပ်သံ ဗွီဒီယိုဖိုင်ဟာလည်း သူ့ရဲ့အမာခံပရိသတ်တွေ ကြားမှာတော့ နာမည်ကြီးနေခဲ့ပြီး ရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ဒီသီချင်းထဲမှာတော့ လိုက်ဖက်တဲ့ တေးသွားသံစဉ်တွေနဲ့အတူ သရုပ်ဆောင် အဆိုတော် ရဲလေး၊ အလှဖန်တီးရှင် ညီညီမောင်(စမ်းချောင်း)၊ မော်ဒယ်သရုပ်ဆောင် ဆောင်းဝတ်ရည်မေ၊ သရုပ်ဆောင် အိစိကွေးတို့က မြူးမြူးကြွကြွ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။
‘ရေခဲရိုက်အပြုံး’၊ ‘ငါ့ရည်းစားကိုမထိနဲ့’၊ ‘ဆုတောင်း’၊ ‘ကိုယ့်ရဲ့ သက်တန့်ငယ်’ စ တဲ့ ပရိသတ်အားပေးမှုတွေ ရယူထားနိုင်ခဲ့တဲ့ မိစန္ဒီဟာ တကိုယ်တော်တေးအယ်လ်ဘမ် တွေ ဖြစ်တဲ့ ‘မိုနိုပိုလီ’၊ ‘ပစ်တိုင်းထောင်’၊ ‘အသဲလေး’၊ ‘သတ္တိခဲ’စတဲ့ သီချင်းခွေတွေအပြင် တခြားအုပ်စုလိုက် တေးအယ်လ်ဘမ်တွေမှာရော အတွဲသီချင်းတွေမှာပါ သီဆိုလှုပ်ရှားနေ သူ ဖြစ်ပါတယ်။










