Home
မြန်မာသတင်း
တိုက်ကြီးတွင် တောဆင်ရိုင်းတကောင် ဓာတ်လိုက်သေဆုံး
DVB
·
January 8, 2020
81427775_988105038255872_6222515113404923904_n
81990969_988105078255868_5050155505939382272_n
81965332_988105164922526_6000401326368882688_n
81760167_988105004922542_3538985706816798720_n
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ရိုးမသစ်တောကြိုးဝိုင်း အကွက်အမှတ် ၂၁ မှာ စိုက်ပျိုးထားတဲ့ ကြံစိုက်ခင်းအနီးမှာ အသက် ၁၀ နှစ်အရွယ် တောဆင်ရိုင်းအထီးတကောင် ဇန်နဝါရီ ၈ ရက်နေ့ မနက်ပိုင်းက ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သစ်တောကြိုးဝိုင်းအတွင်း စိုက်ပျိုးထားတဲ့ စိုက်ခင်းအစပ်မှာ နှာမောင်းမီးကျွမ်း ဒဏ်ရာနဲ့ ဓာတ်လိုက်ပြီး မနက် ၃ နာရီအချိန်လောက်က သေဆုံးခဲ့တာလို့ သာယာဝတီသစ် ထုတ်လုပ်ရေးက ဆင်ဆရာဝန် ဒေါက်တာဖြိုးသူအောင်က ပြောပါတယ်။ "မနက် ၃ နာရီအချိန်လောက်က သေဆုံးတယ်လို့ ခန့်မှန်းထားပြီး အခြား ဒဏ်ရာ တစုံတရာ မရှိဘူး။ နှာမောင်းအဖျားနဲ့ နှစ်လက်မအကွာလောက်မှာ ဒဏ်ရာတွေ့တယ်။ ဝါယာရှော့ဖြစ်ပြီး ဓာတ်လိုက်သေဆုံးတာပါ။ ကျနော်တို့ကို အကြောင်းကြားတော့ မနက် ၇ နာရီလောက်ဖြစ်ပြီး ကျနော်တို့ ရောက်သွားတော့ ဆင်သေဆုံးတဲ့နေရာမှာ လျှပ်စစ်ခြံစည်းရိုးတော့ မရှိတော့ဘူး။" တိုက်ကြီးမြို့နယ်အတွင်းရှိ ချင်းကုန်းကျေးရွာအုပ်စု သနပ်ချောင်းကျေးရွာအုပ်စု၊ ဖလုံဘူတာ ကျေးရွာအုပ်စုနဲ့ လူသန့်အင်းကျေးရွာတွေကို နှစ်စဉ်တောဆင်ရိုင်းတွေ ဝင်ရောက်ပြီး စပါး၊ ကြံနဲ့ အခြားစိုက်ခင်းတွေကို ဝင်ရောက်ဖျက်ဆီး စားသောက်တာ၊ လူနေအိမ်တွေကို ဝင်ရောက်ကာ အစားအသောက် ရှာဖွေစားသောက်ခဲ့တာတွေကြောင့် နေအိမ်တွေ ပျက်စီးတာ၊ လူတွေကို အန္တရာယ်ပေးတာတွေ ရှိပါတယ်။  တောင်သူတွေကလည်း စပါးစိုက်ခင်းနဲ့ ကြံစိုက်ခင်းတွေကို တောဆင်ရိုင်းဝင်ရောက်မှု အန္တရာယ်ကာကွယ်တဲ့အနေနဲ့ လျှပ်စစ်ခြံစည်းရိုးခတ်တာတွေ ပြုလုပ်နေပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024