DVB Logo
Home
Lead Story
လှုပ်လှုပ်ရှားရှား အိုင်စီဂျေ (၂၀၁၉ အနှစ်ချုပ်)
DVB
·
January 8, 2020
လှုပ်လှုပ်ရှားရှား အိုင်စီဂျေ (၂၀၁၉ အနှစ်ချုပ်)
Donate to DVB

၂၀၁၉ ခုနှစ်သည် မြန်မာတနိုင်ငံလုံး လှုပ်လှုပ်ရှားရှားဖြစ်အောင် လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်ခဲ့သည်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အိုင်စီဂျေ ခေါ် ကုလသမဂ္ဂ နိုင်ငံတကာခုံရုံးကို တင်လိုက်သည်ဆိုသောကိစ္စပင် ဖြစ်သည်။ အဆိုပါနိုင်ငံက နိုဝင်ဘာ ၁၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရိုဟင်ဂျာများ(ဘင်္ဂါလီ)ကို လူမျိုးတုံး သတ်ဖြတ်ခဲ့သည်ဟူသော စွဲချက်ဖြင့် အမှုဖွင့်ခဲ့သည်။

နိုဝင်ဘာ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရက ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုကို တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေအဝဝကို ရှင်းလင်းတင်ပြခြင်း အခမ်းအနား တရပ်အား သမ္မတအိမ်တော်တွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ နိုင်ငံခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်ဟု ပြည်တွင်းသတင်းများတွင်ဖေါ် ပြခဲ့ကြသည်။ ထို့နောက် နိုဝင်ဘာ ၂၅ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ အိုင်စီဂျေဆိုင်ရာ အမှုကိစ္စများ ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံတကာ ရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ ဖွဲ့စည်းထားကြောင်း သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပါသည်။

ယင်းသို့ ထုတ်ပြန်ကြေညာပြီးနောက် SSPP,SSA ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းမှ အိုင်စီဂျေတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့အစည်းတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအပေါ် အကောင်းမြင်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့မှလည်း ‘ရိုဟင်ဂျာ’ ဟူသော ဝေါဟာရအစား ‘ဘင်္ဂါလီ’ဆိုသော ဝေါဟာရကိုသာ အသုံးပြု၍ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါသည်။ NCA လက်မှတ်ထိုးထားသော ၁၀ ဖွဲ့ကမူ အိုင်စီဂျေအပေါ်တွင် တိကျရေရာသော ဆုံးဖြတ်ချက်မပေးခဲ့ကြပေ။

မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြား၌ နိုင်ငံအတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သောအဖွဲ့အား ထောက်ခံဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ပြည်နယ်၊ တိုင်းအသီးသီးတွင် ပြုလုပ်ရာ ရခိုင်ပြည်နယ်တွင်လည်း ထောက်ခံပွဲများ ကျင်းပခဲ့ပါသည်။ ယင်းထောက်ခံပွဲပြုလုပ်ရန် ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲသိန်းမှ ဦးဆောင်စီစဉ်နေစဉ် ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းမှ စတင်ပျောက်ဆုံးသွားခဲ့သည်။ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် AA အဖွဲ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ပြုလုပ်မည်ကို နှစ်သက်ခြင်းမရှိ၍ ထိန်းသိမ်းထားကြောင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။ အဆိုပါ AA အဖွဲ့မှ ထိန်းသိမ်းထားသော ဦးရဲသိန်းမှာ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် လက်နက်ကြီး ထိမှန်၍သေဆုံးသွားကြောင်း AA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာတပ်မတော်ကမူ လက်နက်ကြီးထိမှန်၍ သေဆုံးခြင်းမဟုတ်ဘဲ ဖမ်းဆီသွားစဉ်ကတည်းက အေအေ လက်နက်ကိုင်အဖွဲ့တို့၏ ရိုက်နှက်ညှဉ်းဆဲ နှိပ်စက်မှုကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ပြောဆို ငြင်းချက်ထုတ်ခဲ့သည်။ အေအေ၏ အဆိုပါလုပ်ရပ်အား အန်အယ်လ်ဒီ အပါအဝင် အဖွဲ့အစည်းအချို့က ရှုတ်ချ အပြစ်တင်ခဲ့ကြသည်။ ဤသည်မှာလည်း အိုင်စီဂျေပြဿနာကို အကြောင်းပြု၍ ပေါ်ပေါက်လာသော နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးအဖြစ် သတ်မှတ်ခဲ့ကြသည်။

အိုင်စီဂျေအတင်ခံရသော ကိစ္စနှင့်ပတ်သက်၍ ပြောဆိုရေးသားကြသည့်အထဲတွင် လယ်ရီဂျေကင်ကလည်း ဘန်ကောက်ပို့စ်သတင်းစာ၌ အိုင်စီဂျေကို အကြောင်းပြု၍ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တက်ရောက်ဖြေရှင်းခြင်းသည် အခြား ဆုံးဖြတ်ချက်များ မည်သို့ဖြစ်မည်ကို မပြောဆိုနိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအတွက်မူ ၂၀၂၀ ပြည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် သေချာနေကြောင်း ရေးသားသုံးသပ် ထင်မြင်ချက်ပေးထားသည်ကိုလည်း တွေ့ရသည်။

လယ်ရီဂျေကင်နည်းတူ ပြည်တွင်းအတိုက်အခံပါတီတခု ဖြစ်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း အလားတူ သုံးသပ်ခဲ့ပါသည်။ သို့ရာတွင် ၎င်းတို့ကမူ အိုင်စီဂျေအပေါ်တွင် NLD အနေဖြင့် နိုင်ငံရေး အမြတ်ထုတ်ခြင်းသာ ဖြစ်သည်ဟု သုံးသပ်ဝေဖန်ခဲ့ကြသည်။ အချို့သော အဖွဲ့အစည်းများကမူ အိုင်စီဂျေကြောင့် တပ်မတော်နှင့် အနိုင်ရပါတီကြား ရင်ကြားစေ့ရေး အခြေအနေမှာ ယခင်ကထက်ပို၍ နီးကပ်အဆင်ပြေနိုင်ဖွယ်ရာ ရှိသည်ဟု ဆိုကြပါသည်။ အချို့သော နိုင်ငံရေး ဝေဖန်သုံးသပ်သူတို့မူ တပ်မတော်၏ လုပ်ရပ်နှင့် အစဉ်အလာ အတွင်းသဘောအရကြည့်လျှင် ရင်ကြားစေ့ရေးအတွက် ထူးခြားလာနိုင်ဖွယ်ရာမရှိဟု ဝေဖန်သုံးသပ်သည်တို့လည်း ရှိခဲ့သည်။

ထိုကဲ့သို့ ဝေဖန်သုံးသပ်နေမှုများ မည်သို့ပင်ရှိစေကာမူ ကုလသမဂ္ဂအဖွဲ့အစည်းအပေါ်သို့ လွှမ်းမိုးနိုင်စွမ်း မရှိသည်ကို တွေ့ရသည်။ ခရစ္စမတ်ကာလအပြီး ၂၀၁၉ အဆုံးပိုင်ဖြစ်သော ဒီဇင်ဘာ ၂၈ ရက်နေ့ အစည်းအဝေးပွဲတွင် ‘မြန်မာနိုင်ငံအား ရိုဟင်ဂျာ မွတ်စလင်များနှင့် လူနည်းစု တိုင်းရင်းသားတို့အပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ဖမ်းဆီးထားစဉ် သေဆုံးခြင်းတို့အပေါ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ပြစ်တင်ရှုတ်ချကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ တဆက်တည်း မြန်မာနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတို့၏ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းအား စုံစမ်းနိုင်ရန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ လျာထားကြောင်းကိုလည်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ ဤသည်တို့ကား ၂၀၁၉ မြန်မာနိုင်ငံ၏ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သော အိုင်စီဂျေဆိုင်ရာ နှစ်ချုပ်ပင် ဖြစ်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013