DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင်တိုက်ခိုက်မှု များလာသည့်အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး
DVB
·
January 8, 2020
လက်နက်ကိုင်တိုက်ခိုက်မှု များလာသည့်အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး
1 / 7
Donate to DVB

လက်နက်ကိုင်တိုက်ခိုက်တာတွေ များလာတဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဇန်နဝါရီ ၈ နေ့ကပြုလုပ်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) အဖွင့်မိန့်ခွန်းမှာ အခုလို သတိပေးပြောဆိုလိုက်တာပါ။

“မမျှော်လင့်ဘဲ လက်နက်ကိုင် တိုက်ခိုက်မှုတွေ များလာတဲ့ကိစ္စနဲ့ပတ်သက်လို့လည်း ကျမတို့ အနေနဲ့ သတိပေးချင်ပါတယ်။ လက်နက်ကိုင်ပြီး အားသာချက်ယူတာမျိုး၊ ဖြေရှင်းချက် အသစ်တွေ ကို စိတ်ကူးယဉ်တာမျိုးတွေနဲ့ ကျမတို့ နိုင်ငံပြဿနာကို ဖြေရှင်းလို့ မရနိုင်ပါဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဆိုးကျိုးတွေဟာ မျက်မြင်ကိုယ်တွေ့ သက်သေပြနေသလို မမြင်ရတဲ့ ဆိုးကျိုးအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသခံတိုင်းရင်းသားဒေသခံတွေရဲ့ အနာဂတ်တွေ မှေးမှိန်ပျောက်ကွယ်သွားတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါအပြင် NCA စာချုပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာလည်း ကိုယ်သဘောကျတဲ့ အပိုင်းကိုပဲ အကောင်အထည်ဖော်ပြီး သဘောမကျရင် အကောင်အထည်မဖော်တာမျိုးတွေကို ရှောင်ကြဉ်ဖို့လည်း အတိုင်ပင်ခံက သတိပေးခဲ့ပါတယ်။

“အစုအဖွဲ့ တစ်ဖွဲ့ဖွဲ့က ဒီလို ပုံစံမျိုးလိုချင်တာကိုပဲ ကွက်ပြီးယူမယ်၊ မကြိုက်တာဆိုရင် ရှောင်လွှဲနေမယ်ဆိုရင် ကျန်တဲ့အစုအဖွဲ့တွေ အားလုံးမှာလည်း အခက်အခဲတွေဖြစ်လာစေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျပ်အတည်းတွေ ဆက်တိုက်ဖြစ်ပေါ်လာစေနိုင်ပါတယ်။ စာချုပ်ပေါ်မှာ ရေးထိုးထားတဲ့လက်မှတ်တွေဟာ ကတိသစ္စာ တည်ကြည်မှုနဲ့ မှန်ကန်ဖြောင့်မတ်မှု ကို ကိုယ်စားပြုပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ပြုလုပ်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အထည် ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) မှာ အချက် ၈ ချက်ကို သဘောတူညီနိုင်ခဲ့ကြသလို ၂၁ ရာစုပင်လုံညီလာခံကို ၂၀၂၀ ပြည့်နှစ် ပထမလေးလပတ်ထဲမှာ ပြုလုပ်နိုင်ဖို့ အကြမ်းဖျင်းသဘောတူညီ ခဲ့ကြတယ်လို့ သိရပါတယ်။

၈ ကြိမ်မြောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) ကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့၊ တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013