DVB Logo
Home
မြန်မာသတင်း
ငါန်းဇွန် ဓမ္မာရုံဘုန်း​တော်ကြီးသင်ပညာ​ရေး​ကျောင်း သင်​​ထောက်ကူနှင့် စား​သောက်​ရေး​ အခက်ကြုံ
DVB
·
January 8, 2020
ငါန်းဇွန် ဓမ္မာရုံဘုန်း​တော်ကြီးသင်ပညာ​ရေး​ကျောင်း သင်​​ထောက်ကူနှင့် စား​သောက်​ရေး​ အခက်ကြုံ
1 / 10
Donate to DVB

မန္တ​လေးတိုင်း​၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် ဖြူတွင်းကုန်း​ကျေးရွာက ဓမ္မာရုံ ဘုန်း​​တော်ကြီးသင်ပညာ​ရေး​ကျောင်း ပရဟိတ သာသနာပြုဌာနမှာ သင်​​ထောက်ကူပစ္စည်းတွေနဲ့ စား​သောက်​ရေး​ အခက်အခဲဖြစ်​​နေတယ်လို့ သိရပါတယ်။

ဒီကျောင်းကို ဆရာ​တော်အရှင်ဥတ္တရ (အနာဂတ်အလင်း လူငယ် ဖွံ့ဖြိုး​ရေး) က​နေ ဦး​ဆောင်မှုပြုလုပ်ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်က စတင်ဖွင့်လှစ်ခဲ့တာပါ။

စာသင်ကြား​ရေး စတင်ခဲ့စဉ်က ​အစစအရာရာအားနည်းမှု​တွေနဲ့ ရင်ဆိုင်လုပ်ကိုင်ခဲ့ရကာ စာသင်​ဆောင်ကို ဂျပန်နိုင်ငံရဲ့ကူညီ​ထောက်ပံ့မှုနဲ့ တည်ဆောက်ခဲ့ပြီး အခုချိန်မှာ​ ​ကျောင်းသားအင်အားများလာတာကြောင့် သင်​ထောက်ကူအပိုင်းနှင့် စား​သောက်​ရေးအပိုင်းမှာ အခက်အခဲဖြစ်​ပေါ်​နေတာလို့ အရှင်ဥတ္တရက မိန့်ပါတယ်။

“လက်ရှိသင်ကြား​ရေးပိုင်းမှာ kg တန်းက​​နေ ၁၀ တန်းအထိ သင်ကြား​ပေး​နေတာပါ။ သင်ကြား​ရေးအပိုင်း ကုန်ကျစရိတ်အပါအဝင် စား​သောက်မှုအပိုင်း​​တွေကို ဦးဇင်းရဲ့ သာ​ရေး နာ​ရေးကရတဲ့ နဝကမ္မ​လေး​တွေနဲ့ ​ဖြေရှင်း​နေရတာ။ အခုဆိုရင် တိုင်းရင်းသား​လေး​တွေကလည်း တိုးလာ​တော့ စား​သောက်​ရေးဆိုရင် ပိုပြီးဆင်းရဲလာတယ်။ ​ကျောင်းဆရာ /ဆရာမ အင်အားလည်းများလာ​တော့ ​ထောက်ပံ့​ငွေ အခက်အခဲပါ ​တွေ့ကြုံ​​နေရတယ်” လို့ အရှင်ဥတ္တရက မိန့်ပါတယ်။

ငါန်းဇွန်မြို့နယ် ဖြူတွင်းကုန်းရွာ​နေ ဆရာမ ​ဒေါ်နုနုယဉ်က  "သင်​ထောက်ကူပစ္စည်းပိုင်းက​တော့ ဦးဇင်းကလည်း ဝယ်​ပေး​ပေမယ့် ​ငွေ​ရေး​ကြေး​ရေး အခက်အခဲရှိ တာ​ပေါ့။ ကိုယ်က ပရဟိတ ​ကျောင်းဆို​တော့ လှူဒါန်းမယ့်သူများရင် ပိုပြီး​တော့သုံးလို့ရတာ​ပေါ့။ လှူဒါန်းမယ့်သူနည်းရင်​တော့ လိုသ​လောက်ချင့်ချိန်ပြီး သုံးရတာ​ပေါ့။ ​ငွေ​ရေး​ကြေး​ရေးအပါအဝင် သင်​ထောက်ကူပစ္စည်း​တွေလည်း ပိုပြီး​ကူညီ​ပေး​စေချင်တယ်။ က​လေး​တွေလည်း ပညာ​ရေးမှာ ပိုပြီး ထိ​ရောက်​အောင်သင်ကြားနိုင်တာ​ပေါ့။ နိုင်ငံ​တော်အစိုးရအ​နေနဲ့က​တော့ သင်​ထောက်ကူပစ္စည်း​ ထောက်ပံ့​ပေးထားတာရှိသလို ​ကျောင်းသားဦး​ရေကြည့်ပြီး တလကို ၁ သိန်း​ကျော်​ထောက်ပံ့ ​ပေးပါတယ်"လို့ ​ပြောပါတယ်။

အဲဒီ​ကျောင်းမှာ ပညာသင်ယူ​နေတဲ့ ရှမ်းပြည်နယ် ​ကျောက်မဲမြို့နယ် ကုန်းသာ​ကျေးရွာမှ ​ကျောင်းသူ​ မနန်း​အေးမိုးက "သမီးတို့ရွာမှာ စာသင်တဲ့အချိန်အဆင်မ​ပြေဘူး။ တခါတလေ စစ်ပွဲ​တွေဖြစ်တယ်။ ပညာ​ရေးကလည်း အဆင်မ​ပြေဘူး။ ​အေး​အေးချမ်းချမ်းလည်း မသင်ရဘူး။ တခါတလေ ​ပြေးရတယ်။ ပညာ​ရေးမှာလည်း ၄ တန်းပြီးရင် တက်ဖို့အခက်အခဲဖြစ်လို့ ဒီဘက်လာသင်တာ။ ဒီဘက်သင်ရတာ အဆင်​လည်း​ပြေတယ်။ ​ပျော်လည်း ​ပျော်တယ်"လို့ ​ပြောပါတယ်။

အဲဒီ​ကျောင်းမှာ ​ကျောင်းတွင်းပညာ​ရေးသာမက ​ကျောင်းပြင်ပ ​ပညာ​ရေးအဖြစ် ​နွေရာသီ ​ကျောင်းပိတ်ရက်​တွေမှာလည်း အသက်​မွေးဝမ်းကြောင်းအ​ထောက်အကူပြု အ​ခြေခံစက်ချုပ် သင်တန်း နဲ့ အ​ခြေခံကွန်ပျူတာအသုံးပြုနည်း သင်တန်း​တွေအပြင် ဥတ္တရအလင်း စာကြည့်တိုက် တို့ကိုလည်း ဖွင့်လှစ်ထားရှိတယ်လို့ သိရပါတယ်။

ဓမ္မရုံဘုန်း​တော်ကြီးသင်ပညာ​ရေး​ကျောင်းမှာ kg တန်းက​နေ ၁၀ တန်းအထိရှိပြီး ​ကျောင်သားဦး​ရေ ၁၆၀ လောက်ရှိပြီး ဆရာ/ဆရာမ ၁၃ ​ယောက်က ပညာသင်ကြားပေးနေတာပါ။

ဒီကျောင်းမှာ ​ဒေသတွင်း က​လေးငယ်တွေသာမက ​တောင်​ပေါ်​​ဒေသမှ တိုင်းရင်းသားက​လေးတွေလည်း လာရောက်ပြီး ပညာသင်ကြားနေကြပါတယ်။

ဌေးလှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013