
ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မင်းပြားမြို့နယ်ကို မေ ၇ ရက်မှာ စစ်အာဏာရှင်က လေယာဉ် ၈ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ၃ ယောက် သေဆုံး တယ်လို့ အာရက္ခတပ်တော်(AA) နဲ့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်တော်မြို့နယ် အနောက်ဘက် သုံးခွနားမှာရှိတဲ့ တောင်တန်းပတ်ဝန်းကျင်ကို မေ ၇ ရက် ညက ဂျက်ဖိုက်တာ ၄ စင်း၊ Y-12 ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက်၊ အရပ်သား ၁ ယောက်နဲ့ AA ရဲ့ အကျဉ်းထောင်ဆေးဝန်ထမ်း ၁ ယောက် ထိခိုက်သေဆုံးခဲ့ပြီး နောက်ထပ် ၁၀ ယောက်လောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ AA က မေ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ည ၁၀ နာရီကနေ ၁၀ နာရီ ၂၅ မိနစ်အထိ ဂျက်ဖိုက်တာ ၄ စင်းနဲ့ ပေါင် ၅၀၀ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး၊ ၁၀ နာရီ ၂၈ မိနစ်မှာလည်း Y-12 လေယာဉ်နဲ့ Cluster ဗုံး အမျိုးအစား ၂၄ လုံး လောက် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ဗုံးကြဲမှုကြောင့် လူ ၃ ယောက် သေဆုံးသလို နောက်ထပ်လည်း အကြီးစားနဲ့ အသေးစား ထိခိုက် ဒဏ်ရာရရှိသူ ၁၀ ယောက် ရှိပြီး ပြိုင်းချောင်းရွာသားတယောက်ပိုင်ဆိုင်တဲ့ နွား ၇ ကောင် လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်ခဲ့ရတဲ့ သုံးခွပတ်ဝန်းကျင်ဟာ ကျောက်တော်မြို့နဲ့ ၄ မိုင် လောက် အကွာအဝေးမှာရှိပြီး ဒေသခံတွေ စိုးရိမ်နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“လေယာဉ်တွေ အုပ်စုလိုက်သုံးပြီး တိုက်ခိုက်ခဲ့တာ။ သုံးခွပတ်ဝန်းကျင်ဆိုတာ ကျနော်တို့ သိသလောက် စစ်ဖက်ဆိုင်ရာနေရာတွေ မဟုတ်ဘူး။ အကျဉ်းစခန်းတခုတော့ ရှိတယ်လို့ ကြားတယ်။ အဲဒီဟာကို လေကြောင်းကနေ တိုက်ခိုက်တာဖြစ်နိုင်တယ်။ မြို့ခံတွေရော၊ အနီးအနားက ပတ်ဝန်းကျင် ရွာသားတွေပါ စိုးရိမ်စိတ်တွေကတော့ ရှိနေကြတုန်းပဲ” လို့ ပြောပါတယ်။
သုံးခွပတ်ဝန်းကျင်နဲ့ အာကာတောင်ပတ်ဝန်းကျင်ကို စစ်တပ်က မကြာခဏဆိုသလို လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မေ ၈ ရက် တရက်တည်းမှာပဲ မင်းပြားမြို့နယ်က ကင်းမွန်ချောင်းဂျိုင်းနဲ့ အနီးပတ်ဝန်းကျင်ကို မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်မှာ ဂျက်ဖိုက်တာ ၂ စင်း၊ Y-12 ၁ စင်းနဲ့ မိနစ် ၄၀ ကြာ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူတချို့သေဆုံး၊ ဒဏ်ရာရခဲ့သလို လူနေအိမ်နဲ့ ကျွဲနွားတချို့လည်း သေဆုံးခဲ့ကြတယ်လို့ AA က ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်ဟာ ၂၀၂၆ ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်က မြို့၊ ရွာတွေကို လေကြောင်းကနေ လေယာဉ်အုပ်စုလိုက်သုံးပြီး နေ့စဉ်ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မေ ၆ ရက်နေ့က ရခိုင်ပြည်နယ်၊ ဂွမြို့မှာရှိတဲ့ စစ်တပ်ရင်းဌာနချုပ်ဟောင်းနေရာကို ဗုံးကြဲ တိုက်ခိုက်ခဲ့သလို မေ ၄ ရက်ကလည်း ကျောက်တော်မြို့နယ်၊ ဒက်ဖြူကျေးရွာနဲ့ သံပြရာထောင့် ကျေးရွာအနီးက တောင်တန်းတွေကို ဂျက်ဖိုက်တာ ၃ စင်း၊ Y-12 ၁ စင်းနဲ့ လေကြောင်းကနေ နာရီနဲ့ချီ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။










