DVB Logo
Home
ကျန်းမာရေး
နောက်ဆုံးပေါ် ကင်ဆာရောဂါကုထုံးတစ်ခုဖြစ်တဲ့ Proton Beam Therapy
DVB
·
January 7, 2020
နောက်ဆုံးပေါ် ကင်ဆာရောဂါကုထုံးတစ်ခုဖြစ်တဲ့ Proton Beam Therapy
Donate to DVB
ကင်ဆာရောဂါဆိုတာ အရမ်းကြောက်စရာကောင်းတဲ့ရောဂါတစ်ခုပါ။ ခန္ဓာကိုယ် အစိတ်အပိုင်းအတော်များများမှာ ဖြစ်ပွားနိုင်ပြီး ကုသရတာလည်း အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ခေတ်မီနည်းပညာတွေ အသုံးပြုထားတဲ့ အဆင့်မြင့်ကင်ဆာရောဂါ ကုသနည်းစနစ်တွေလည်း အခုချိန်မှာ ပေါ်ပေါက်လာနေပါပြီ။ ဒါ့ကြောင့် အခုတစ်ခေါက်တော့ Hello Sayarwon စာဖတ်ပရိသတ်တွေအတွက် Proton Beam Therapy လို့ခေါ်တဲ့ အဆင့်မြင့်ကင်ဆာရောဂါကုထုံးအကြောင်း ပြောပြချင်ပါတယ်။ ကင်ဆာရောဂါကုသမှုတွေထဲမှာ ဓာတ်ကင်ကုသမှုဆိုတာ အတော်များများ ကြားဖူးပြီးသား ဖြစ်မှာပါ။ ကင်ဆာအကျိတ်တွေကို ဓာတ်ရောင်ခြည် တိုက်ရိုက်ပစ်ပြီး ပျက်စီးစေတဲ့ကုသနည်း ဖြစ်ပါတယ်။ ကင်ဆာအကျိတ်တွေရော ကင်ဆာမဟုတ်တဲ့အကျိတ်တွေကို ကုသပေးရာမှာပါ ဓာတ်ကင်ကုသမှု အသုံးပြုပါတယ်။ Proton Beam Therapy ဆိုတာကတော့ ပိုပြီးအဆင့်မြင့်တဲ့ ဓာတ်ကင်ကုသမှုတစ်ခုလို့ ပြောရမှာပါ။ သူ့နာမည်အတိုင်းပဲ Proton Beam Therapy ဟာ ရိုးရိုးဓာတ်ရောင်ခြည်ထက် စွမ်းအားမြင့် ပရိုတွန်ဒြပ်မှုန်တွေကို သုံးပြီး ကင်ဆာဆဲလ်တွေ၊ အကျိတ်တွေကို ဖျက်ဆီးပစ်ပါတယ်။ ရိုးရိုးဓာတ်ကင်ကုသမှုနည်းတူ Proton Beam Therapy ကိုလည်း ကင်ဆာအကျိတ် ဒါမှမဟုတ် ကင်ဆာမဟုတ်တဲ့အကျိတ်တွေ ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။ သူ့ချည်းလည်း အသုံးပြုသလို ခွဲစိတ်ကုသတာ၊ ကင်ဆာဆေးသွင်းတာလို တခြားကင်ဆာကုသနည်းတွေနဲ့တွဲပြီးလည်း အသုံးပြုပါတယ်။ Proton Beam Therapy ကို သုံးပြီး ကုသကြတဲ့ ရောဂါတွေကတော့ –           ဦးနှောက်ကင်ဆာ –           ရင်သားကင်ဆာ –           အစာရေမြိုကင်ဆာ –           လည်ချောင်းကင်ဆာ –           အသည်းကင်ဆာ –           အဆုတ်ကင်ဆာ –           ဆီးကျိတ်ကင်ဆာ –           ကျောရိုးမှာဖြစ်တဲ့ကင်ဆာ –           Eye melanoma –           Sarcoma စတဲ့ ကင်ဆာရောဂါတွေ ဖြစ်ပါတယ်။ တခြားကင်ဆာရောဂါကုထုံးတွေထက် Proton Beam Therapy ရဲ့အဓိကအားသာချက်ကတော့ တိကျမှုလို့ ဆိုရမှာပါ။ ပုံမှန်ဓာတ်ကင်ကုသမှုမှာဆို ကင်ဆာဆဲလ်တွေဆီရောက်ဖို့ ဓာတ်ရောင်ခြည်တွေ ပစ်ရပါတယ်။ ပစ်လိုက်တဲ့ရောင်ခြည်က ကင်ဆာဆဲလ်တွေဆီ ဖြတ်သန်းသွားရာလမ်းတစ်လျှောက်က ကျန်းမာတဲ့ဆဲလ်တွေကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ ဒါ့ကြောင့် ဓာတ်ကင်ကုသမှု အကြိမ်ရေများများလုပ်လေ ပိုပြီးဘေးထွက်ဆိုးကျိုး ခံစားရလေပါပဲ။ Proton Beam Therapy ကတော့ ဒီနည်းနဲ့ နည်းနည်းကွဲပြားပါတယ်။ ခန္ဓာကိုယ်အပြင်ကနေ ပစ်လိုက်တဲ့ စွမ်းအားမြင့် ပရိုတွန်ဒြပ်မှုန်တွေက ရောဂါဖြစ်တဲ့နေရာကိုရောက်မှ စွမ်းအားတွေထုတ်လွှတ်ပြီး ကင်ဆာဆဲလ်တွေကိုဖျက်ဆီးပစ်ပါတယ်။ ပြောရရင် Proton Beam Therapy ကုထုံးက လမ်းညွှန်စနစ်ပါတဲ့ ဒုံးကျည်တစ်လုံးနဲ့ ဆင်တူပါတယ်။ ဒါ့ကြောင့် Proton Beam Therapy က ရိုးရိုးဓာတ်ရောင်ခြည်ကုသမှုနဲ့ နှိုင်းယှဉ်ရင် ဘေးထွက်ဆိုးကျိုးအတော်လေးနည်းတာကို တွေ့ရပါတယ်။ Proton Beam Therapy ခံယူရင်ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့- –           ပင်ပန်းနွမ်းနယ်လာခြင်း –           အစားအသောက်ပျက်ခြင်း –           ခေါင်းကိုက်ခြင်း –           ကုသမှုခံယူတဲ့နေရာမှ အမွှေးအမျှင်များ ကျွတ်ခြင်း –           ကုသမှုခံယူတဲ့နေရာမှ အရေပြားနီရဲခြင်း၊ ရောင်ရမ်းခြင်း တို့ပဲဖြစ်ပါတယ်။ နောက်ပြီး ကုသမှုအခြေအနေကို သိနိုင်ဖို့အတွက် ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်လည်း မကြာခဏ ရိုက်ရနိုင်ပါသေးတယ်။ Proton Beam Therapy က နောက်ဆုံးပေါ် ကင်ဆာကုသမှုနည်းပညာတစ်ခုလည်း ဖြစ်သလို သူ့အတွက် အထူးထုတ်လုပ်ပြင်ဆင်ထားရမယ့် ကိရိယာတွေလည်း လိုအပ်ပါတယ်။ ဥပမာ ပြောရရင်  စွမ်းအားမြင့်ပရိုတွန်ဒြပ်မှုန်တွေထုတ်လုပ်ပေးမယ့် Cyclotron machine၊ ပရိုတွန်ဒြပ်မှုန်တွေကိုသယ်ဆောင်ပေးမယ့် beam transport system၊ လူနာထားရှိရမယ့် patient position system နဲ့ ကင်ဆာဆဲလ်တွေ ဖျက်ဆီးဖို့ ဒြပ်မှုန်တွေ ပစ်လွှတ်ပေးမယ့် Gantry စက် စတဲ့အဓိက အစိတ်အပိုင်း ၄ ခု လိုအပ်ပါတယ်။ နည်းပညာမြင့်ပစ္စည်းတွေ ဖြစ်တာကြောင့် ဈေးနှုန်းမြင့်မားသလို အသုံးပြုဖို့ တကယ်ကျွမ်းကျင်တဲ့ပညာရှင်တွေလည်း လိုအပ်ပါတယ်။ ဒါ့ကြောင့်လည်း Proton Beam Therapy ကတခြားကင်ဆာကုသမှုတွေလို သိပ်မတွင်ကျယ်သေးတာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013