
တောင်ကိုရီးယားနဲ့ ၁၀ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သိသိသာသာ လျှော့ချဖို့ ပင်တဂွန်ရဲ့ ညွှန်ကြားချက်ကို ဩဂုတ် ၁၆ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ပြန်ခဲ့ပြီး အီရန်အပေါ် အရေးယူရာမှာ ပါဝင်ဖို့ တောင်ကိုရီးယားက ငြင်းဆိုထားတယ်လို့ လူမှုမီဒီယာမှာ ဖော်ပြပါတယ်။
ဒီလိုအခြေအနေမှာပဲ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၇ ရက်မှာ စီစဉ်ထားတဲ့အတိုင်း စတင်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒါပေမဲ့ ထရမ့်ရဲ့ ပို့စ်အပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို တောင်ကိုရီးယားသမ္မတရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အများပြည်သူအားလပ်ရက်မှာ ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။
လေ့ကျင့်ခန်းမစခင် နာရီပိုင်းအလိုမှာ ထရမ့်ပ်က သူ့ရဲ့ Truth Social လူမှုကွန်ရက်ပေါ်ကနေ ပြောရာမှာ လေ့ကျင့်ခန်းကို လုံးလုံးလျားလျား ဖျက်သိမ်းဖို့ အရမ်းနောက်ကျခဲ့ပေမဲ့ အမေရိကန်က အရင်က သဘောတူထားတဲ့အတိုင်း ပါဝင်ရတာ "မပျော်ဘူး" လို့ ဆိုပါတယ်။
နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အူချီလွတ်လပ်ရေးဒိုင်းလို့ နာမည်ပေးထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ် ၁၇ ရက်ကနေ ၂၇ ရက်အထိ လုပ်ဖို့ စီစဉ်ထားပြီး တောင်ကိုရီးယားစစ်တပ်က စစ်သည် ၁၈,၀၀၀ လောက် ပါဝင်ဆင်နွှဲမှာပါ။
ဒီစစ်ရေးလေ့ကျင့်မှုမှာ ဒရုန်းတွေကို တန်ပြန်ဖို့ စစ်ဆင်ရေးတွေ၊ GPS အချက်ပြမှုတွေကို နှောင့်ယှက်တာတွေ အပါအဝင် မြောက်ကိုရီးယားရဲ့ တိုးတက် ပြောင်းလဲလာတဲ့ စွမ်းဆောင်ရည်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့ မျှော်လင့်ထားတယ်လို့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောပါတယ်။
ထရမ့်ပ်ကတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ အလွန်ကောင်းတဲ့ ဆက်ဆံရေးကို လူမှုမီဒီယာပေါ်မှာ ကိုးကားဖော်ပြခဲ့ပါတယ်။
ဒီလေ့ကျင့်ခန်းတွေက အကုန်အကျများရုံသာမ သူသမ္မတဖြစ်နေသရွေ့ မခြိမ်းခြောက်ဘဲ လေးစားမှုရှိတဲ့ နိုင်ငံတနိုင်ငံဆီ လုံးဝမသင့်လျော်ဘဲ ရန်လိုတဲ့ အချက်ပြမှုတခု ပေးပို့နေတာ ဖြစ်တယ်လို့ ထရမ့်ပ်က လူမှုကွန်ရက်မှာ ရေးပါတယ်။
ထရမ့်ပ်ဟာ ကင်မ်နဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးပမ်းနေနိုင်တယ်လို့ စတင်မ်ဆန်ဌာနရဲ့ 38 မြောက်ကိုရီးယားအစီအစဉ် အကြီးအကဲ ဂျင်းနီတောင်းန်က ပြောပါတယ်။











