DVB Logo
Home
မြန်မာသတင်း
ဟံသာဝတီယာဉ်စခန်း ပြောင်းရွှေ့ခိုင်းမှု ကားအရောင်းအ၀ယ်သမားများ မကျေနပ်
DVB
·
February 17, 2013
ဟံသာဝတီယာဉ်စခန်း ပြောင်းရွှေ့ခိုင်းမှု ကားအရောင်းအ၀ယ်သမားများ မကျေနပ်
Donate to DVB

ရန်ကုန်မြို့ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လက်ကမ်းစာစောင်တွေ ဝေငှသွားတယ်လို့ ကားအရောင်းအ၀ယ်သမားတွေက ပြောကြပါတယ်။

ပြောင်းရွှေ့ဖို့ ကြေညာချက်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ တာဝန်ရှိသူတွေရဲ့ လက်မှတ်နဲ့ တံဆိပ်တွေ မပါဘူးလို့ မြန်မာမော်တော်ကား ရောင်းဝယ်ရေး အသင်းချုပ် (ဗဟို) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောပါတယ်။

“သူတို့က ဖေဖော်ဝါရီ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး သီရီမင်္ဂလာဈေးဟောင်းကို ရွှေ့ရမယ်လို့ မနေ့က လက်ကမ်းစာစောင်ဝေသွားတယ်။ လက်ကမ်းစာစောင်က ရုံးစာသဘောမျိုးလည်းမဟုတ်ဘဲ စည်းတံဆိပ်မပါဘူး။ စာနံပါတ်မပါဘူး။ ဝေသူရဲ့ တာဝန်ခံလက်မှတ်လည်းမပါဘူး။”

ယာဉ်ရောင်းဝယ်ရေးစခန်းကို ဟံသာဝတီ ကနေ သီရီမင်္ဂလာဈေးဟောင်းနေရာကို ယာယီ ပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းက အရောင်းအ၀ယ်သမား တွေက နေရာသစ်ကို မပြောင်းရွှေ့ချင်ဘူးလို့လည်း ဦးအောင်သန်းဝင်းက ဆိုပါတယ်။

“မော်တော်ကားရောင်းဝယ်ရေးအသင်းချုပ်(ဗဟို) ရန်ကုန်ရဲ့ သဘောထားကတော့ မပြောင်းရွှေ့ရရေးအတွက် ဆန္ဒပြုလက်မှတ်ထိုးထားတာ ၂၀၀၀ ကျော်ရထားပြီ။ လက်မှတ်တွေကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသားများဆီ တင်မယ်။ ကောင်းရာကောင်းကြောင်းလုပ်တယ်ဆို လက်ခံပါတယ်။ ကျနော်တို့နဲ့က ညှိနှိုင်းဆောင်ရွက်ခြင်းလည်း မရှိဘူး။ ဒါဟာ သူတို့လိုချင်တဲ့အတိုင်းအတာနဲ့ ကျနော်တို့လိုချင်တဲ့အတိုင်းအတာ ညှိပြီးဆောင်ရွက်ရင် ပြီးသွားမှာပါ။ ဒီဝင်းကြီးဟာ နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက်လာတဲ့ တပိုင်တနိုင် ရောင်းဝယ်လာတဲ့ ၀င်းပါ။ Showroom ကြီးတွေဖွင့်ပြီးလည်း မလုပ်ကိုင်နိုင်ဘဲ ၁ စီးစ ၂ စီးစ ရောင်းဝယ်လုပ်ကိုင်လာသူတွေလေ။ မိသားစုစားဝတ်နေရေးအတွက် တပိုင်တနိုင်လုပ်ကိုင်စားသောက်လာတာ နှစ်ပေါင်းများစွာရှိပြီလေ။”

ယာယီပြောင်းရွှေ့ရမယ့် သီရီမင်္ဂလာဈေးဟောင်းနေရာမှာ ယာဉ်ရောင်းဝယ်ရေးသမားတွေအတွက် အခက်အခဲတွေ အများကြီးရှိတယ်လို့ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း ကားအရောင်းအ၀ယ်သမားတဦးက ပြောပါတယ်။

“ဒီဝင်းထဲမှာ ကားညသိပ်လို့ရတယ်။ သီရိမင်္ဂလာဈေးမှာက ညသိပ်လို့မရဘူး။ နံပါတ်မပါတဲ့ကားတွေက လမ်းပေါ်ထွက်လို့မရဘူးလေ။ ဟံသာဝတီဝင်းထဲမှာဆို ၀င်းထဲမှာပဲ သိပ်ထားလို့ရတယ်။ နောက်ဟိုမှာ ကားပဲထားလို့ရတယ်။ ရေဆေးလို့လည်းမရဘူး။ လူနေလို့မရဘူး။”

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ သီရီမင်္ဂလာဈေးဟောင်းနေရာကို ယာယီရွှေ့ပြောင်းဖို့ အမိန့်ကြေညာစာ ထုတ်ပြန်ထားပေးမယ့် အတည်တကျ ဖြစ်မယ့် ယာဉ်ရောင်းဝယ်ရေးစခန်းကို ထုတ်ပြန်ထားခြင်း မရှိသေးတဲ့အတွက် ကားအရောင်းအ၀ယ်သမားတွေ စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013