DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင် စီမံကိန်းဖျက်သိမ်းရန် ဆန္ဒပြုလက်မှတ်ကောက်ခံ
DVB
·
February 17, 2013
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းဖို့ စီမံကိန်းအနီးက ဆည်တဲကျေးရွာမှာ ဒေသခံတွေ ဒီကနေ့ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

ကြေးနီစီမံကိန်းကြောင့် မြေယာတွေ သိမ်းဆည်းခံထားရတဲ့ ၁၄ ရွာက ဒေသခံ ရာနဲ့ချီပြီး အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အစည်းအဝေးမှာ စီမံကိန်းဖျက်သိမ်းဖို့အပါအ၀င် တောင်းဆိုချက် ၃ ချက်ကို ဒေသခံတွေက ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆည်တဲကျေးရွာနေ ကိုမြင့်တင်က ဒီဗွီဘီကို ပြောပါတယ်။

“လက်ပန်းတောင်းတောင် စီမံကိန်း လုံးဝဖျက်သိမ်းရေး၊ အကြမ်းဖက်မီးလောင်ဗုံးနဲ့ နှိမ်နင်းလိုက်တဲ့ တရားခံတွေကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးရေး၊ ပြည်သူ့ဆန္ဒကို လေးစားပါဆိုတဲ့ ရည်ရွယ်ချက် ၃ ချက်နဲ့ ခေါင်းစဉ်တင်ပြီး အစည်းအဝေး ကျင်းပတာပါ။”

အဲဒီ လက်ပန်းတောင်းတောင်စီမံကိန်း ဖျက်သိမ်းပေးဖို့ အစည်းအဝေးမှာ တက်ရောက်လာတဲ့ ဒေသခံတွေက လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ခဲ့ပြီး သက်ဆိုင်ရာကို ပေးပို့သွားမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ကလည်း မကြာခင်မှာ လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ပတ်သက်ပြီး တွေ့ရှိချက်တွေကို ထုတ်ပြန်ဖို့ ရှိနေပါတယ်။

အဲဒီကော်မရှင်ရဲ့တွေ့ရှိချက်တွေကို ဘယ်လောက်အထိ မျှော်လင့်ထားသလဲလို့ စီမံကိန်း ဖျက်သိမ်းပေးဖို့ ဦးဆောင်နေတဲ့ ဒေသခံ ကိုမြင့်တင်ကို မေးမြန်းရာမှာ “ကျနော်တို့က အမေစုကို ယုံကြည်တယ်။ လေးစားတယ်။ လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မရှင်မှာလည်း ပါဝင်နေတယ်။ စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ မျှော်လင့်ချက်ဟာ အကောင်းဆုံးဖြစ်မယ်ဆိုရင် ကျနော်တို့ဘက်ကလည်း ကော်မရှင်တခုရဲ့ အနေအထားပေါ်မှာ မူတည်ပြီးတော့ စောင့်နေတာပါ” လို့ ပြောပါတယ်။

မကြာမီ ထွက်ရှိလာမယ့် စုံစမ်းရေးကော်မရှင်ရဲ့ တွေ့ရှိချက်တွေဟာ ဒေသခံတွေ မျှော်လင့်ထားသလို ဖြစ်မလာဘူးဆိုရင် လက်ပန်းတောင်းတောင် ကြေနီးစီမံကိန်း ဖျက်သိမ်းတဲ့အထိ လုပ်ဆောင်သွားမယ်လို့ ကိုမြင့်တင်က ပြောပါတယ်။

“မျှော်လင့်ထားတာမဖြစ်လာဘူး ဆိုရင်တော့ ကျနော်တို့အနေနဲ့က တောတောင် သဘာဝအလှတွေ၊ ယာမြေတွေ အနစ်နာ ဆုံးရှုံးခံပြီးမှ လက်တဆုပ်စာ လူတစု ကောင်းစားဖို့အတွက်သာ အကျိုးရှိမယ်ဆိုရင် လုံးဝသည်းမခံပါဘူး။ တိုက်ပွဲဝင်ဖို့အတွက်လည်း ကျနော်တို့ ပြင်ဆင်ထားပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013