DVB Logo
Home
မေးမြန်းခန်း
မြောက်ပိုင်းမှာဖြစ်ပျက်ခဲ့မှု အေဘီအက်စ်ဒီအက်ဖ် တောင်းပန်- မေးမြန်းချက်
DVB
·
February 15, 2013
မြောက်ပိုင်းမှာဖြစ်ပျက်ခဲ့မှု အေဘီအက်စ်ဒီအက်ဖ် တောင်းပန်- မေးမြန်းချက်
1 / 2
Donate to DVB

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(အေဘီအက်စ်ဒီအက်ဖ်) က ၁၉၉၂ ခုနှစ်က ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)မှာ ဖြစ်ခဲ့တဲ့ သွေးထွက်သံယို သေဆုံးမှုတွေအတွက် သေဆုံးရသူ ရဲဘော်တွေ၊ သက်ဆိုင်ရာကာယကံရှင်တွေနဲ့ မိဘဆွေမျိုးတွေကို  ဗဟိုကော်မတီက အလေးအနက် တောင်းပန်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရက်စွဲနဲ့ သေဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့မိသားစုထံ စာပေးပို့ တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အေဘီအက်စ်ဒီအက် ဥက္ကဋ္ဌ ဦးသံခဲကို မေးမြန်းထားပါတယ်။

တောင်းပန်စာက ဘယ်သူတွေကို ပို့ခဲ့တာလဲ။

“၁၉၉၁-၉၂ ကျောင်းသားတပ်မတော် မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေမှာ ကျဆုံးသွား၊ သေဆုံးသွားခဲ့တဲ့ မိသားစုတွေနဲ့ ကာယကံရှင်တွေအပေါ်မှာ အဖွဲ့အစည်းထဲမှာ အခုလိုမျိုး ဖြေရှင်းအရေးယူဆောင်ရွက်ခဲ့တဲ့အပေါ်မှာ မိသားစုနဲ့အတူ အထူးထပ်တူဝမ်းနည်းတယ်။ ဒီအဖြစ်အပျက်တွေကြောင့် ဆုံးရှူံးသွားရတာကို တောင်းပန်တဲ့အနေနဲ့ ဗဟိုကော်မတီကနေ ထုတ်ပြန်တာဖြစ်ပါတယ်။”

ဒီလိုအလေးအနက်တောင်းပန်တယ်ဆိုတော့ ဒီဖြစ်ရပ်ကြီးတခုလုံးနဲ့ပတ်သက်ပြီး တချိန်ချိန်မှာ အခါအခွင့်သင့်တဲ့အချိန်မှာ တာဝန်ယူတာဝန်ခံပြီး ဖြေရှင်းမယ်ဆိုတဲ့ သဘောရောသက်ရောက်ပါသလေား။

“သက်ရောက်ပါတယ်။ ဒီကိစ္စကြီးက အဖွဲ့အစည်းထဲမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာဖြစ်တယ်။ နောက်တခုက ဒီကိစ္စကို တကယ့်ကို တရားမျှတပြီးအမှန်တရားဖော်ဖို့ဆိုရင် အဲအချိန်က တာဝန်ရှိသူတွေ၊ အဲထဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့သူတွေ အကုန်လုံး စုဆုံ၊ တွေ့ဆုံဖြေရှင်းနိုင်မှဖြစ်မယ်။ အဲလိုအခြေခံအောက်မှာ အဖွဲ့အစည်းအပေါ်မှာ အမှန်တရားနဲ့ တရားမျှတမှုပေါ်ပေါက်ဖို့ဆိုရင် အားလုံးပူးပေါင်းပါဝင်မှု အရေးကြီးပါတယ်။ ဒါတွေဟာ အမှန်တရားနဲ့ တရားမျှတရေးအတွက် ကောင်းမွန်တဲ့ ပထမခြေလှမ်းလို့လည်း ယူဆပါတယ်။”

တပ်ဦးရဲ့ ဥက္ကဋ္ဌတယောက်အနေနဲ့ နှုတ်အားဖြင့်တောင်းပန်တာတော့ ဟုတ်ပြီ။ မြန်မာပြည်သွားမယ့် နောင်လာမယ့် ခရီးစဉ်တွေမှာရော နစ်နာသူတွေရဲ့ မိသားစုဝင်တွေကိုရော တရားဝင် ကိုယ်ထိလက်ရောက်တောင်းပန်ပြီး တွေ့ဆုံဖို့ရော အေဘီအက်စ်ဒီအက်ဖ်မှာ အစီအစဉ်ရှိပြီလား။

“ဒါတွေအတွက် ဆက်လက်ဆွေးနွေးနေတုန်းပါ။ ဆုံးရှူံးသွားကြတဲ့မိသားစုဝင်တွေနဲ့ မိခင်တွေဟာလည်း ကျနော်တို့တွေရဲ့ မိခင်တွေပါပဲ။ ဒါကို ကိုယ်ထိလက်ရောက်တောင်းပန်ဖို့ဆိုတာ ဒီထက်ကောင်းမွန်တဲ့ အားလုံးကျေလည်နိုင်တဲ့ အခြေအနေဖြစ်အောင်လို့ အဖွဲ့အစည်းအနေနဲ့ကတော့ ကြိုးပမ်းသွားမှာဖြစ်တယ်။”

မြန်မာပြည်ခရီးစဉ်မှာ သမ္မတ အစိုးရသစ်ပေါ်လာချိန်မှာ အေဘီအက်စ်ဒီအက်ဖ်ဟာ ၈၈ လူထုအရေးတော်ပုံက ပေါက်ဖွားလာတဲ့ အဖွဲ့အစည်း။  အဲခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်တွေ မြန်မာပြည်သွားဖို့ကြုံလာတိုင်း သတင်းတွေ. တကယ်နစ်နာသူတွေကလည်း ကျယ်ကျယ်ပြန့်ပြန့်ပြောသလို၊ နောက်ကွယ်ကနေ လှုံ့ဆော်တယ်ဆိုတာမျိုး ကြားသိရတာလည်းရှိတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရော ကိုသံခဲအနေနဲ့ ဘာများပြောချင်ပါလဲ။

“ဒီဖြစ်စဉ်ကိုပြောတိုင်း ပြောတိုင်း တဦးချင်းမှာရော၊ အဖွဲ့အစည်းမှာ ပါဝင်ပတ်သက်ခဲ့သူတွေ အားလုံးရော အထူးစိတ်နှလုံးမချမ်းမြေ့ဖြစ်နေတာ အမှန်ပါပဲ။ ဒါဟာ ဘာလို့လဲဆိုရင် ဒီဖြစ်စဉ်ကြီးဟာ ဘာကြောင့်ဖြစ်လာခဲ့ရလဲ။ ဒီနောက်ကွယ်မှာ ကျနော်တို့အနေနဲ့ ဖြစ်လာရတဲ့အကြောင်းရင်းတွေကို သေသေချာချာသိဖို့လိုတယ်လို့ ယူဆရပါတယ်။ သေချာတာတခုကတော့ ဆုံးရှူံးသွားခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်တွေရှိတယ်။ နစ်နာသွားခဲ့တဲ့ ကျောင်းသားတွေရှိတယ်။ ဒါတွေအတွက် အထူးဝမ်းနည်းကြေကွဲစရာကောင်းပါတယ်။ ဒါတွေအတွက် တကယ်ကို စေတနာမှန်မှန်နဲ့ အားလုံးပူးပေါင်းလုပ်ကြမယ်ဆိုရင် အားလုံးလိုချင်တဲ့ တရားမျှတမှုနဲ့ အမှန်တရားရမှာဖြစ်တယ်။ ပြောနေဆိုနေကြတာတော့ အမှန်ပါပဲ။ ကိုယ်တိုင်ပါဝင်ခဲ့တဲ့သူတွေ၊ တာဝန်ခံခဲ့တဲ့သူတွေ၊ ကာယကံရှင်တွေကိုယ်တိုင် စုဆုံနိုင်တဲ့နေ့က ကျနော်တို့အားလုံးအတွက် အဖြေကို အမှန်ကန်ဆုံး ထုတ်နိုင်မယ့်နေ့ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ သို့သော် ဒီအချိန်ရောက်ဖို့က အများကြီးလိုသေးတယ်။ ဒါကြောင့် ကြားကာလမှာ အဖွဲ့အစည်းအနေနဲ့ အကောင်းဆုံးဖြစ်အောင်၊ တရားမျှတမှုနဲ့ အမှန်တရားအတွက် ရနိုင်မယ့်အချက်အလက်တွေ စုနေတယ်။ သက်ဆိုင်ရာ ကာယကံရှင်တွေနဲ့လည်း တွေ့ဆုံပါတယ်။ ဒီအခြေခံအောက်မှာ တော်လှန်ရေးရဲ့အကျိုးစီးပွား၊ အဖွဲ့အစည်းအကျိုးစီးပွားအပေါ်မှာ အားလုံးအားလုံးက မျက်နှာရှေးရှုပြီး ကျနော်တို့အားလုံးအတူတကွ လက်တွဲအလုပ်လုပ်ကြဖို့လိုတယ်လို့ မြင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013