DVB Logo
Home
မြန်မာသတင်း
ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကရင်မိန်းကလေးကို ထိုင်းအစိုးရ တာဝန်ယူကုသပေးမည်
DVB
·
February 15, 2013
ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကရင်မိန်းကလေးကို ထိုင်းအစိုးရ တာဝန်ယူကုသပေးမည်
Donate to DVB

ထိုင်းအိမ်ရှင်တွေရဲ့ ရေနွေးနဲ့လောင်းပြီး  နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဒဏ်ရာအကြီးအကျယ်ရထားတဲ့ ကရင် မိန်းကလေးငယ်ကို ထိုင်းအစိုးရက အရေပြားအစားထိုး ပလပ်စတစ်ဆာဂျရီနည်းနဲ့ အခမဲ့ ခွဲစိတ်ကုသပေးမယ်လို့ တာဝန်ယူ ပြောဆိုလိုက်ပါတယ်။

မြန်မာအစိုးရဘက်က အလုပ်သမားညွှန်ကြားရေးမှူး  ဦးနိုင်ထွန်းခေါင်းဆောင်တဲ့အဖွဲ့ဟာ ကရင်မိန်းကလေး မအဲကို ကြည့်ရှုစောင့်ရှောက်ထားတဲ့ ကမ်ဖိုင်ဖစ်မြို့က မိခင်နဲ့ကလေးပြန်လည်ထူထောင်ရေးကျောင်းကို ဒီနေ့ သွားရောက်တွေ့ဆုံရာမှာ ထိုင်းတာဝန်ရှိသူတွေက အခုလို ပြောကြားလိုက်တာပါ။

[caption id="attachment_36486" align="alignright" width="300" caption="အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းနဲ့အဖွဲ့ ကယ်ဆယ်ရေးဂေဟာသို့ ထောက်ပံ့ငွေ သွားရောက်လှူဒါန်းခဲ့(ဓာတ်ပုံ- သမ္မတရုံးညွှန်မှူး ဦးဇော်ဋ္ဌေး)"][/caption]

ကရင်မိန်းကလေးကို  သွားရောက်တွေ့ဆုံခဲ့တဲ့ ဦးနိုင်ထွန်းက ဒီအမှုပြီးဆုံးတဲ့အထိ ဆက်လက် လုပ်ဆောင်သွားဖို့ လိုအပ်တဲ့ အကြောင်း ခုလို ပြောပါတယ်။

“အမှုကတော့ မပြီးသေးဘူးပေါ့။ အဲဒီ လင်မယား ၂ ယောက် ထိုက်သင့်တဲ့ပြစ်ဒဏ်ကျတဲ့အထိ ကျနော်ကတော့ လိုက်ချင်တယ်။ အခုကတော့ သွေးပူနေတုန်းဆိုတော့ တနိုင်ငံလုံးက စိတ်ဝင်စားတယ်။ သွေးအေးသွားရင် ပြီးသွားနိုင်မယ်။ အဲတော့ သွေးမအေးအောင် တောက်လျှောက် နောက်ကနေ တောက်လျှောက် ထိတွေ့စုံစမ်းနေဖို့ သံအမတ်ကြီးကိုလည်း သတင်းပို့မယ်။ သူတို့ဘက်က တာဝန်ရှိတဲ့သူတွေနဲ့တွေ့တော့လည်း ကျနော်က ရှင်းပြတယ်လေ. အားကြီးတဲ့သူနဲ့ အားနည်းတဲ့သူဆို အားနည်းတဲ့သူက ခံရတယ်လို့ ပြောတော့ သူက မဟုတ်ပါဘူးတဲ့၊ ဒီအမှုက ၇ ချက်နဲ့ စွဲထားတာဖြစ်လို့ အင်မတန်မှ အမှုကကြီးပါတယ်တဲ့။ တစ်အချက်က သူက အသက် ၁၅ နှစ်အောက် ကလေးဖြစ်နေလို့၊ နောက် နိုင်ငံခြားသားဖြစ်နေလို့၊ နောက် မီဒီယာတွေလည်း အကုန်လုံးလည်းသိနေတော့ အမှုဟာကြီးတယ်။ တသက်တကျွန်းဖြစ်နိုင်တယ်တဲ့။ ကျနော်တို့က ပြောတာက နောက်ပိုင်းကျမှုဖြစ်ချင်သလိုဖြစ်တာတို့၊ မလိမ့်တပတ် ခံရတာများတော့ ကျနော်တို့က အဲဒါလန့်တယ်။”

ထိုင်းအိမ်ရှင်လင်မယား ၂ ဦးကို   အသက် ၁၅ နှစ်အောက် ကလေးငယ်ကို အဓမ္မလုပ်အားခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးငယ်ကို ဖြားယောင်းခေါ်ဆောင်မှု၊ မတရားညှင်းပန်းနှိပ်စက်မှုနဲ့ ကျွန်ပြုမှု စတဲ့ပြစ်မှု ၇ မှုနဲ့ ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးနဲ့  ကမ်ဖိုင်ဖစ် ရဲစခန်းတို့က စွဲချက်တင်ထားပါတယ်။

ကရင်မိန်းကလေး မအဲနဲ့ သူ့မိဘ ၂ ဦးတို့ဟာ ကမ်ဖိုင်ဖစ်မြို့ မိခင်ကလေးကျောင်းရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ရှိနေပြီး ထိုင်းကြက်ခြေနီအဖွဲ့ အပါအ၀င် လူမှုရေး အဖွဲ့အသီးသီးက ၀ိုင်းဝန်းထောက်ပံ့ကူညီထားကြပါတယ်။ ဒီနေ့ထိ မြန်မာအစိုးရရဲ့ ကူညီထောက်ပံ့ငွေ ဘတ် ၂ သောင်းခွဲ အပါအ၀င် ဘတ် ၁ သိန်းလောက် အလှူငွေ ရရှိထားပြီးဖြစ်တယ်လို့လဲ ပြောပါတယ်။

မအဲကို ကရင်တိုင်းရင်းသားမိဘ ၂ ဦးက ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ဗမာစကားမတတ်ဘူးလို့ ဆိုပါတယ်။ ထိုင်းအစိုးရက သူ့ကိုခွဲစိတ်ကုသပေးပြီးရင် ကျောင်းတက်ဖို့ စီစဉ်ပေးမယ်လို့ ပြောတဲ့အကြောင်းလဲ သိရပါတယ်။

ခန္ဓာကိုယ်တ၀က်လောက်  အပူလောင်တဲ့ ဒဏ်ရာတွေနဲ့ နှိပ်စက်ခံထားရတဲ့ အသက် ၁၂ နှစ်ရွယ် မအဲကို ကူညီသူတွေက ကမ်ဖိုင်ဖစ်မြို့ လူမှုကယ်ဆယ်ရေးကျောင်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ ညက လာပို့ထားခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013