စစ်ကိုင်းတွင် အိုးရိုက်ပြိုင်ပွဲနှင့် အိုးရွက်ပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းမြို့၊ အိုးဘိုရပ် ၃၉ ကြိမ်မြောက် ဘုံကထိန်အောင်ပွဲ အထိမ်းအမှတ် စစ်ကိုင်းအိုးရိုက်ပွဲ၊ အိုးရွက်ပွဲ နဲ့ တန်းကျော်ပွဲကို ဇန်နဝါရီ ၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဘုံကထိန်နဲ့ ပျော်ပွဲရွှင်ပွဲတွေကို နှစ်စဉ်ကျင်းပခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ ငါးနှစ်က စတင်ကာ အိုးရိုက်ပြိုင်ပွဲနဲ့ အိုးရွက်ပြိုင်ပွဲကို ထည့်သွင်းကျင်းပလာတာလို့ သိရပါတယ်။
အိုးဘိုလူမှုကူညီရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးသံမဏိက "အပျော်သဘောမျိုးနဲ့ စကြရင်း ကနေပြီးတော့ နောက်ပိုင်းကြတော့ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲအနေနဲ့ ဖြစ်လာတာပါ၊ရွာထဲမှာ ရှိတဲ့မိန်းကလေးတွေကလည်း အိုးရွက်ပြိုင်ပွဲဆိုရင် သူတို့ကလည်း အလေးအနက်ထားကြတယ်၊ နှစ်လုံးဆင့်၊ သုံးလုံးဆင့်၊ လေးလုံးဆင့်၊ လက်ကနှစ်လုံးနဲ့ သုံးလုံး၊ ငါးလုံး၊ ခုနစ်လုံးထိ သူတို့ ရွက်ပြိုင်ကြပါတယ်"လို့ ပြောပါတယ်။
စစ်ကိုင်း အိုးရိုက်ပြိုင်ပွဲဟာ တနိုင်ငံလုံးမှာ ဒီတနေရာသာရှိတယ်လို့ သိရပါတယ်။
အိုးဘိုရပ် ဘုံကထိန်ဟာ စစ်ကိုင်းတမြို့လုံး တနှစ်အတွင်း ကျင်းပကြတဲ့ပွဲတော်တွေထဲမှာ နောက်ဆုံးကျင်းပတဲ့ ပွဲတော်ဖြစ်ပြီး ပြာသိုလဆန်း ၁၀ ရက်နဲ့ ၁၁ မှာလည်း ဇာတ်ပွဲတွေနဲ့ ဧည့်ခံမယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း











