ကျောင်းသူ ၃ ဦးအား အဓမ္မပြုကျင့်မှုဖြင့် ကျောင်းဆရာတဦးကို ထောင်ဒဏ်အနှစ် ၄၀ ချမှတ်
DVB
·
January 3, 2020

ဟုမ္မလင်းမြို့နယ်မှာ ဒုတိယတန်းကျောင်းသူ ၁ ဦးနဲ့ စတုတ္ထတန်းကျောင်း သူ ၂ ဦးကို အဓမ္မပြုကျင့်ခဲ့မှုနဲ့ ပတ်သက်ပြီး ကျောင်းဆရာတဦးအား စစ်ကိုင်းတိုင်း ခန္တီးခရိုင်တရားရုံးက ဇန်နဝါရီ ၃ ရက်နေ့ ထောင်ဒဏ် အနှစ် ၄၀ အမိန့်ချမှတ်လိုက်ပါတယ်။
ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ရေဖော်မီးအုပ်စု သဲဟင်းကျမ်းကျေးရွာ စာသင်ကျောင်းရှိ စာသင်ခန်းထဲမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ညနေအချိန်ပို စာသင်ချိန်မှာ အသက် ၇ နှစ်ကျော်အရွယ် ဒုတိယတန်းကျောင်းသူ ၁ ဦးနဲ့ ၁၀ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ ၂ ဦးကို ကျောင်းဆရာ စိုးသန်းထွန်းက မုဒိမ်းမှု ကျူးလွန်ခဲ့တာပါ။
ဒီလိုကျူးလွန်တာဟာ တချိန်တည်းမဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၁၈ခု သီတင်းကျွတ်နဲ တန်ဆောင်တိုင် ကြားကာလာတွေမှာ တယောက်ချင်းစီ ခေါ်ယူအဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကို ကလေးတွေအချင်းချင်း ပြောဆိုပြီးကျောင်းဆရာမတဦးက ကြားတဲ့အတွက် ကလေးငယ်တွေကို မေးမြန်းရာမှာ သိခဲ့ရပြီး ကျေးရွာအုပ်ချုပ်မှူးကနေ တဆင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
တရားလိုဘက်မှ လိုက်ပါဆောက်ရွက်နေတဲ့ ကူကီးအဖွဲ့စည်းမှ မဝေနှင်းကြယ်က “ခန္တီးခရိုင် တရားသူကြီးက တရားလို၊ တရားခံနဲ့ နှစ်ဘက်သက်သေတွေ စစ်ဆေးပေါ်ပေါက်ချက်အရ တရားဥပဒေနဲ့အညီ တရားခံ စိုးသန်းထွန်းကို ခန္တီးခရိုင်တရားရုံး ထောင်ဒဏ် အနှစ် ၄၀ ချမှတ်တာ ဖြစ်တယ်”လို့ ပြောပါတယ်။
ကျောင်းသူ ၃ ဦး မုဒိမ်းမှု ကျူးလွန်ခံရတာနဲ့ ပတ်သက်ပြီး ခန္တီးခရိုင်တရားရုံးမှာ ဟုမ္မလင်းလူငယ်ကွန်ရက်နဲ့ ကူကီးအဖွဲ့အစည်းတွေ လာရောက်ဝန်းရံခဲ့ကြပါတယ်။
ကလေးငယ်တွေ အခုလို အဓမ္မပြုကျင့်ခံရမှုအတွက် စတုတ္တတန်းကျောင်းသူ တဦးကျောင်းမတက်ရဲတော့ဘဲ ကျောင်းထွက်ခဲ့ရသလို ကျန်ကျောင်းသူတွေကိုလည်း စိတ်ကျန်းမာရေး ကုသပေးနေရတယ်လို့ ကလေးငယ်တွေကို လိုက်ပါကူညီပေးတဲ့ ကူကီးအမျိုးသမီး စင်တာမှ ဒေါ်ဘွိုင်နူးက ပြောပါတယ်။
အောင်ဆန်းမြင့်