DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြသံဃာများကို စစ်ဘက်သုံး လက်နက်ဖြင့် ဖြိုခွဲဟု ရှေ့နေများကွန်ရက်ပြော
DVB
·
February 14, 2013
ဆန္ဒပြသံဃာများကို စစ်ဘက်သုံး လက်နက်ဖြင့် ဖြိုခွဲဟု ရှေ့နေများကွန်ရက်ပြော
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆို ဆန္ဒပြခဲ့တဲ့ သံဃာတွေကို ဖြိုခွဲရာမှာ ရဲဘက်သုံး အဓိကရုဏ်း နှိမ်းနင်းရေး လက်နက်ကို အသုံးမပြုဘဲ စစ်ဘက်သုံးလက်နက်ကို အသုံးပြုခဲ့တယ်လို့ ရှေ့နေ့များ ကွန်ရက်က ပြောဆိုလိုက်ပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် အရုဏ်တက်အချိန်မှာ ရဲတပ်ဖွဲ့ကနေ အင်အားသုံးပြီး ဖြိုခွဲခဲ့လို့ သံဃာနဲ့ ဆန္ဒပြ ပြည်သူ ၁၀၀ ကျော်လောက် မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အစိုးရဘက်ကတော့ မီးခိုးဗုံးကိုသာ သုံးစွဲတယ်လို့ ထုတ်ပြန်ထားပြီး တရားဝင်တောင်းပန်ခဲ့ပါတယ်။

ဒဏ်ရာရသံဃာတွေရဲ့ မီးလောင်ဒဏ်ရာတွေ ပြင်းထန်မှုအပေါ် အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံက ပါမောက္ခ ရော်ဂါနော်မန်ကနေ လက်ပန်းတောင်းသပိတ် ဖြိုခွင်းမှုအခင်းဖြစ်တဲ့နေရာကို ကွင်းဆင်းစုံစမ်းပြီး တွေ့ရှိချက်တွေကို ရှေ့နေများကွန်ရက်နဲ့ပူးပေါင်းပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

ကွန်ရက်အဖွဲ့ဝင် ရှေ့နေကြီး ဦးအောင်သိန်းက “ဘယ်လိုလက်နက်အမျိုးအစားလဲဆိုတော့ ဖော့စ်ဖရပ်ပါတဲ့ အမျိုးအစား။ သူပြောပြတာက အရင် ရေဖြန်းတယ်၊ ဒါကို ပစ်တယ်ပေါ့ မီးလောင်မှုတွေပေါ်လာတယ်။ အောက်ဆီဂျင်နဲ့ပေါင်းမီးလောင်တယ်။ ဒါဟာ မီးခိုးဗုံးမဟုတ်ဘူး။ မီးလောင်ဗုံးဆိုတာကို သူက သေချာ result တွေနဲ့ ထုတ်ဖော်ပြောဆိုပြီး လုပ်တာ။ သူပြောတာကတော့ ဒီစစ်တပ်သုံးတဲ့ အဖြူရောင် ဖော့စ်ဖရပ်ဓာတုလက်နက်များကို ရဲတပ်ဖွဲ့ကို ဘယ်သူက ထုတ်ပေးလဲ။ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ ဘယ်သူက တာဝန်ခံအမိန့်ပေးသလဲပေါ့။ ”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေအတွက် ရှေ့နေများကွန်ရက်ကနေ ဥပဒေကြောင်းအရ အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။

“ဒီနေ့က မီဒီယာတွေကို ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ထုတ်ပေးဖို့။ နိုင်ငံတကာကို ဒီလိုလက်နက်အမျိုးအစားတွေ သုံးတယ်ဆိုတာကို ခိုင်မာသထက် ခိုင်မာအောင် အထောက်အထားတွေနဲ့ တင်တယ်။ နောက် ကျေးရွာသူကျေးရွာသားတွေဟာ စာချုပ်နဲ့ ပတ်သက်ပြီးတော့လည်း စာချုပ်စာတမ်းတွေကဲ့သို့သော ကျကျနန ပြုလုပ်ထားတာမျိုး မဟုတ်ဘဲ စာရွက်ဖြတ်ပိုင်းလေးပေါ်မှာပဲ ငွေထုတ်ပေးတယ်ဆိုတဲ့ စလစ်ကလွဲလို့ ဘာမှမရှိဘူး။ လက်မှတ်ထိုးခိုင်းတဲ့နေရာမှာ ထိုးလိုက်ရတယ်။ လက်မှတ်ထိုးတဲ့စာရွက်စာတမ်းကိုလည်း လက်မှတ်ထိုးထားတဲ့ ရွာသူရွာသားတွေကို မပေးဘူး။ ဒါဟာ လိမ်လည်ပြီးချုပ်တဲ့ စာချုပ်စာတမ်း၊ ချဉ်းကပ်ပြီးချုပ်တဲ့ စာချုပ်စာတမ်း၊ မမှန်မကန်ပြောဆိုပြီး ချုပ်ဆိုတဲ့ စာချုပ်စာတမ်းတွေဖြစ်လို့ ဒါတွေက ပျက်ပြယ်တဲ့စာချုပ်စာတမ်းတွေဖြစ်လို့ အဲလိုပဲ ကျနော်တို့က မှတ်ချက်ပြုတယ်။ တကယ်လို့ ဒါနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့လိုလာရင်လည်း ဥပဒေကြောင်းအရဆောင်ရွက်သွားမယ်လို့ ကျနော်ပြောခဲ့တယ်။”

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာကင်တားနားနဲ့ မနေ့က တွေ့ဆုံစဉ်မှာလည်း ဒီအကြောင်းကိစ္စတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ရှေ့နေများကွန်ရက်က လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး တွေ့ရှိချက်တွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်း ပေးပို့ထားပြီးပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013