DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင် ဥပရောပကို ထွက်ခွာ
DVB
·
February 14, 2013
၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင် ဥပရောပကို ထွက်ခွာ
Donate to DVB

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ ပထမဦးဆုံးအကြိမ်အဖြစ် ဥရောပ ၃ နိုင်ငံခရီးအတွက် ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပါတယ်။

ဦးမင်းကိုနိုင် နဲ့ ဦးပြုံးချိုတို့ဟာ နော်ဝေနိုင်ငံ အော်စလိုမှာ နှစ်စဉ် ကျင်းပတဲ့ နိုင်ငံတကာ ကျောင်းသားငြိမ်းချမ်းရေး ဆုပေးပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပြီး ခရီးစဉ်နဲ့ပတ်သက်လို့ ဦးပြုံးချိုက အခုလို ပြောပါတယ်။

“နိုင်ငံခြားခရီးစဉ်တွေမှာ အချိန်တွေပေးတယ်၊ ဖိတ်ကြားခံရတော့ ရောက်တဲ့အချိန်မှာ အတွေ့အကြုံတွေ ရအောင် ကြိုးစားမယ်။ မြန်မာအ၀န်းအ၀ိုင်းနဲ့လည်း ထိစပ်တွေ့ဆုံနိုင်တော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အမြင်ချင်းဖလှယ်လို့ရတယ်။”

နိုင်ငံတကာ ကျောင်းသားပွဲတော်က ပေးအပ်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို ၂၀၀၁ ခုနှစ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)နဲ့ အဲဒီအချိန်က အကျဉ်းကျခံနေရတဲ့ ဦးမင်းကိုနိုင်တို့ ပူးတွဲရရှိခဲ့ဖူးပါတယ်။

ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ နော်ဝေကနေ ပြင်သစ်နဲ့ ဒိန်းမတ် နိုင်ငံတို့ကို သွားရောက်ဖို့ ရှိနေပါတယ်။ သွားရောက်တဲ့ နိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို မြန်မာအသိုင်းအ၀ိုင်းတွေနဲ့လည်း သီးသန့် တွေ့ဆုံမယ်လို့ ဦးပြုံးချိုက ဆိုပါတယ်။

“နော်ဝေကပေးတဲ့ ကျောင်းသားငြိမ်းချမ်းရေးဆု လက်ခံဖို့ရှိတယ်။ အော်စလိုတက္ကသိုလ်မှာ စကားပြောဖို့ရှိတယ်။ တကမ္ဘာလုံးကတက်ရောက်လာတဲ့ ကျောင်းသားတွေနဲ့ တွေ့ဆုံစကားပြောဖို့ ရှိတယ်။ နော်ဝေ၊ ဒိန်းမတ်နဲ့ ပြင်သစ်နိုင်ငံတွေမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေနဲ့ တွေ့မယ်။ မြန်မာအသိုင်းအ၀ိုင်းနဲ့ ဆွေးနွေးကြမယ်။ ဒိန်းမတ်နိုင်ငံ ပါလီမန်ကဖိတ်ထားတာလည်း ရှိတော့ အဲကိုလည်းသွားမယ်။”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ဟာ အကျဉ်းထောင်က လွတ်မြောက်အပြီး ငြိမ်းချမ်းရေးအသွင်ကူပြောင်းရေး လေ့လာဖို့အတွက် ဖိလစ်ပိုင်နိုင်ငံကို အခုနှစ် ဇန်န၀ါရီလက သွားရောက်ခဲ့ပြီး အခု ခရီးစဉ်ဟာ ဒုတိယမြောက် ပြည်ပခရီးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013