DVB Logo
Home
မြန်မာသတင်း
ဗန်းမော်ခရိုင်ရှိ တိုင်းရင်းသားများ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပါဝင်ရေး ဆွေးနွေး
DVB
·
February 14, 2013
Donate to DVB

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကြား အပစ်ခတ်ရပ်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေတာနဲ့ ပတ်သက်ပြီး ပြည်သူတွေကြား ကျယ်ကျယ်ပြန့်ပြန့် သဘော ပေါက်လာဖို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍတွေအတွက် ဆွေးနွေးပွဲတရပ်ကို ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲဦးဆောင်သူ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က ဆလိုင်း အိုင်းဇက်က “အဓိက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်သည် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေအချင်းချင်းနဲ့ပဲ မဆိုင်ဘဲနဲ့ ပြည်သူတရပ်လုံးပေါ့။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခရှိနေတဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူလူထုအနေနဲ့ ပါဝင်ရမယ်ဆိုပြီး ကျနော်တို့ ဆွေးနွေးတာ။ ရှမ်း၊ ကချင်၊ ကရင်လည်း ပါတဲ့အတွက်ကြောင့် ကေအိုင်အိုနဲ့ဖြစ်တဲ့ ကိစ္စတခုတည်းကို ကျနော်တို့ မပြောဘူး။ မြန်မာနိုင်ငံမှာ လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အားလုံးကို ရှင်းပြပါတယ်။ ကေအိုင်အို ကိစ္စကတော့ တော်တော်လေး သူတို့ ဆွေးနွေးချင်တဲ့ အကြောင်းအရာဖြစ်တယ်” လို့ ပြောပါတယ်။

ဆွေးနွေးပွဲမှာ စစ်မဲ့ဇုန် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည်အရေးကိစ္စနဲ့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၁၃၂၅ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်နိုင်မယ့် အခန်းကဏ္ဍတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆလိုင်းအိုင်းဇက်က ဆိုပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ ဗန်းမော်ဒေသခံ အမျိုးသမီးတဦးက “ငြိမ်းချမ်းရေးလုပ်ငန်းမှာ အရင်က ဘာတွေလုပ်လဲမသိခဲ့တော့ ဆုတောင်းတာပဲ လုပ်ခဲ့နိုင်တယ်။ အခုတော့ လူတယောက်အနေနဲ့ ဖြစ်စေချင်တဲ့ အနာဂတ်ကို၊ ပုံဖော်ချင်တဲ့ အရာကို အတတ်နိုင်ဆုံးဖော်ထုတ်ပြီး ကျမတို့အချင်းချင်းကြား မုန်းတီးကြတဲ့ လူမျိုးရေးမုန်းတီးမှုတွေမဟုတ်ဘဲ ပိုကောင်းတဲ့ ကိစ္စရပ်တွေဖြစ်လာဖို့ ကျမအနေနဲ့ ပါဝင်လို့ရတယ်၊ ပါဝင်နိုင်တယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။

ဗန်းမော်မြို့နယ် အထူးသဖြင့် ကျေးရွာတွေမှာ ကေအိုင်အေနဲ့ အစိုးရတပ်တွေ လှုပ်ရှားသွားလာနေတဲ့အတွက် ဘယ်အချိန်တိုက်ကြမလဲဆိုတာကို တွေးပူနေရပြီး  အစိုးရတပ်ဘက်က ကချင်ရွာသားတွေမြင်ရင် ကေအိုင်အေလို့ သံသယဖြစ်တာ ခံနေရတဲ့အတွက် နေထိုင်ရတာ မလွတ်လပ်ကြောင်း၊ ငြိမ်းချမ်းရေးကို အမြန်ဆုံးလိုချင်ကြောင်း ပြောပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ ပြည်သူတို့ရဲ့ အခန်းကဏ္ဍဆွေးနွေးပွဲတွေကို ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့နဲ့ အေးချမ်းမြန်မာ လူမှုဖွံ့ဖြိုးရေးအဖွဲ့ (ဂျီဒီအိုင်) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဗန်းမော်မြို့တွေမှာ ဒီနှစ်ဆန်းပိုင်းက တကြိမ် ကျင်းပခဲ့ပြီးဖြစ်တယ်။ နောက်နောင်လည်း အခြားမြို့နယ်တွေမှာ ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ညှိနှိုင်းဆောင်ရွက်သူ  မခေါင်န်ဂျာက ပြောပါတယ်။

ဒီကနေ့ မနက်  ၈ နာရီခွဲကနေ  ညနေ ၃ နာရီထိ ဗန်းမော်မြို့ ဧရာဘတ်သာသနာဝင်း လိုင်းယွန်းခန်းမမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ ဗန်းမော်၊ မိုးမောက်နဲ့ မန်စီမြို့နယ်ထဲက တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့၊ ခရစ်ယာန်ဘာသာရေးအဖွဲ့တွေနဲ့ ရပ်မိရပ်ဖ၊ လူမျိုးစုခေါင်းဆောင်တွေ စုစုပေါင်း ၁၀၀ နီးပါး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013