
အန်စီအေ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ အနာဂတ်ဖယ်ဒရယ် တည်ဆောက်ရေးအတွက် ခိုင်မာကောင်းမွန်တဲ့ နိုင်ငံရေးဆွေးနွေးမှုရလဒ်တွေ မရရှိတာဟာ ငြိမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်ပါဝင်ဖို့ အခက်အခဲဖြစ်စေတယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
၂၀၂၀ ပြည့်နှစ် နှစ်သစ်ကြိုနှုတ်ခွန်ဆက် သဝဏ်လွှာမှာ ကေအန်ပီပီက အခုလို ထုတ်ပြန် ပြောဆိုလိုက်တာဖြစ်ပြီး ပါတီအနေနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့သလို အစိုးရနဲ့ တဖွဲ့ချင်း နှစ်ဦးနှစ်ဖက် သဘောတူစာချုပ် (Bilateral Agreements) တွေကို ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်တွေမှာ လက်မှတ်ထိုးခဲ့ပါတယ်။
ဒါ့အပြင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ လက်မှတ်ရေးထိုး နိုင်ရေး အတွက် တခြားလက်နက်ကိုင်အဖွဲအစည်းတွေနဲ့ပူးပေါင်းပြီးတော့လည်း ငြိမ်းချမ်းရေးတွက် ချည်းကပ်ဆောင်ရွက်ခဲ့ပေမယ့် မိမိတို့ ရည်မှန်ချက်နဲ့ ကိုက်ညီမဲ့ နိုင်ငံရေးအခင်းအကျင်းမျိုး ဆွေးနွေးသွားနိုင်မယ့် အနေအထားမရှိတဲ့အတွက် အခုချန်ထိ အန်စီအေမှာ ပါဝင် လက်မှတ်ရေးထိုး နိုင်ခြင်း မရှိသေးကြောင်းလည်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နောက်ထပ် လက်မှတ်မထိုးနိုင်တဲ့အကြောင်းအရင်းမှာ ပြည်နယ်အတွင်း လူငယ်၊ တွေ၊ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ဖြစ်ပွားနေတဲ့ပြဿနာတွေ၊ ပြည်နယ်အစိုးရက မတရားတဲ့ ဒေသသန္တရအမိန့်တွေနဲ့ ကရင်နီရဲဘော် ၃ ဦးအပါအဝင် အရပ်သားတဦး မတရား သတ်ဖြတ်ခံရမှုဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အများကြီးထိခိုက်စေခဲ့တယ်လို့လည်း ဖော်ပြပါရှိပါတယ်။











