DVB Logo
Home
မြန်မာသတင်း
မူးဆူမှုဖြင့် ထိန်းသိမ်းခံရသူ သေဆုံးခဲ့မှု ရဲတပ်ဖွဲ့က စုံခုံဖွဲ့စစ်ဆေးနေ
DVB
·
January 2, 2020
မူးဆူမှုဖြင့် ထိန်းသိမ်းခံရသူ သေဆုံးခဲ့မှု ရဲတပ်ဖွဲ့က စုံခုံဖွဲ့စစ်ဆေးနေ
Donate to DVB

စိုင်ပြင်မြို့၊ ပျံကျကျေးရွာ ပွဲခင်းအတွင်း မူးဆူလို့ ရဲက ခေတ္တထိန်းသိမ်းထားစဉ် လူတဦးသေဆုံးခဲ့တဲ့အပေါ် ရဲတပ်ဖွဲ့က စုံခုံဖွဲ့စစ်ဆေးနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့၊ ပျံကျကျေးရွာမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ညက ကထိန်အောင်ပွဲအနေနဲ့ ကျင်းပတဲ့ ကြည့်ချင်ပွဲအတွင်း နှမ်းပဲလှ ကျေးရွာက လူတဦးကို မူးယစ်ရမ်းကားလို့ဆိုပြီး နယ်မြေရဲတပ်ဖွဲ့အပါအဝင် ပွဲခင်းလုံခြုံရေးက ခေတ္တထိန်းသိမ်းခဲ့ပါတယ်။ 

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူက နှမ်းပဲလှကျေးရွာနေ အသက် ၄၇ နှစ်အရွယ် ဦးသိန်းဝင်းဆိုသူ ဖြစ်ပါတယ်။ နောက်နေ့မှာ မိသားစုဝင်တွေက အာမခံနဲ့ထုတ်ဖို့ စိုင်ပြင်ရဲကင်းစခန်းကို လိုက်သွားခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။ 

ဒီဇင်ဘာလ ၃၀ ရက်နေ့မှာတော့ မိသားစုဝင်တွေကို ကျေးရွာတာဝန်ခံကတဆင့် ဦးသိန်းဝင်းကို ဆေးရုံတင်ထားရတယ်လို့ အကြောင်းကြားခဲ့တာကြောင့် လိုက်သွားချိန်မှာ ဦးသိန်းဝင်းက သေနေပြီဖြစ်သလို အလောင်းက ရင်ခွဲရုံကို ရောက်နေပြီလို့ မိသားစုဝင်တွေက ဆိုပါတယ်။

ဦးသိန်းဝင်းရဲ့ တူဖြစ်သူ ကိုဇော်မျိုးထွန်းက "ကျနော်တို့ ဆေးရုံရောက်တော့ ရဲလည်း မတွေ့ရဘူး။ ဆေးရုံဆရာဝန်ကြီးလည်း မတွေ့ရဘူး။ လက်ထောက်ဆရာဝန်ပဲ ရှိတယ်။ သူပြောတာတော့ ရဲ ၂ ယောက်က သေပြီးသား လာပို့တာလို့ ပြောတယ်။ ကျနော်တို့လည်း ကြည့်ခွင့်မရဘူး။ သူတို့က စိုင်ပြင်မှာ ရင်ခွဲစစ်ဆေးမယ်ပြောတယ်။ ကျနော်တို့က ဒီပဲယင်းဆေးရုံ မှာပဲ ခွဲချင်တယ်ဆိုလို့ ဒီပဲယင်းကို ပို့ခွင့်ပေးတယ်။ ဘာကြောင့်သေတယ်ဆိုတာတော့ ဆေးစာ အဖြေတော့ မသိရဘူး။ ဒါပေမယ့် ကြည့်ခွင့်ရချိန်မှာတော့ မျက်ကွင်း ၂ ဖက်စလုံး ညိုမဲစွဲနေတယ်။ ညာမျက်လုံးအောက် ပေါက်နေတယ်။ အပေါ်ရှေ့သွား ၂ ချောင်း ကျိုးနေတယ်။ မေးစေ့မှာ ပွန်းပဲ့ ဒဏ်ရာရှိတယ်။ အောက်ပိုင်းတော့ ကြည့်ခွင့်မရဘူး။ ၃၁ ရက်နေ့မှာတော့ အလောင်းကို မိသားစုထံ ပြန်ပေးတယ်။ အဲဒီနေ့ညမှာပဲ ဓလေ့အရ ချက်ချင်း သင်္ဂြိုဟ်လိုက်တယ်"လို့ ပြောပါတယ်။

ဦးသိန်းဝင်း ဖမ်းဆီးခံရတာကို မျက်မြင် တွေ့ခဲ့ရတဲ့ ပွဲစျေးရောင်းသူ ဒေါ်ခင်ဆွေဝင်းက "ကျုပ်က အကြော်ကြော်နေတာ။ ရဲတွေက ဦးသိန်းဝင်းကို ကုတ်ကနေဆွဲပြီး ခေါ်လာတာ။ ဦးသိန်းဝင်းမှန်းလည်း မသိဘူး။ ပြေးကြည့်မှ ဦးသိန်းဝင်းမှန်းသိတာ။ ရဲတွေက တယောက်မှ မကပ်နဲ့ ဆိုပြီး တားတာပေါ့။ စိုင်ပြင်စခန်းမှုးကနေ ဘယ်ဘက်နံကို တချက်ကန်လိုက်တယ်။ နောက် တယောက်လည်း မေးကို ကန်တယ်။ လက်ထိတ်ခတ်ထားတာ။ ဦးသိန်းဝင်းက သိပ်မမူးဘူး။ စကားလည်းပြောနိုင်တယ်။ ပြီးတော့ ကားထဲထည့်ခေါ်သွားတာပဲ" လို့  ပြောပါတယ်။

ပွဲခင်းညမှာ ဦးသိန်းဝင်းက အရက်သေစာသောက်စားထားပြီး လက်ထဲမှာလည်း အရက်ဘူး ကိုင်ထားတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်လို့ လုံခြုံရေးတွေလာချိန်မှာ ဦးသိန်းဝင်းက လက်ထဲက အရက်ဘူးနဲ့ ပက်သလိုလည်း ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိ အချိန်မှာတော့ ဆေးစာလည်း မထွက်သေးသလို ဘာကြောင့် သေရတယ်ဆိုတာလည်း မသိရသေး ပါဘူး။ 

ဒီပဲယင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဇော်ထွန်းက "တိုင်းရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး ပုလဲ၊ ရွှေဘိုတို့က ရဲတပ်ဖွဲ့အရာရှိတွေနဲ့ စုံခုံဖွဲ့စစ်ဆေးနေ တယ်။ တွေ့ရတဲ့ ဒဏ်ရာတွေက အရင်ကရခဲ့တဲ့ ဒဏ်ရာလား။ ရဲဖမ်းပြီးမှရတဲ့ ဒဏ်ရာလား ဆိုတာလည်း မသိရသေးဘူး။ ရဲကြောင့်သေတာ ဆိုရင်တော့ ရဲစည်းကမ်း၊ ရာဇဝတ်မှုတွေနဲ့ အရေးယူမှာပါ။ တခြားသူကြောင့်ဆိုရင်လည်း ဖော်ထုတ်ဖမ်းဆီးပြီး ဥပဒေအတိုင်း ဆောင်ရွက်မှာပါ။ ထိန်ချန်ထားစရာအကြောင်းမရှိပါဘူး။"လို့ ပြောပါတယ်။ 

လက်ရှိမှာတော့ ဒီကိစ္စကို ဒီပဲယင်းမြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၆ အနေနဲ့ ဖွင့်လှစ်လုပ်ဆောင်နေပါတယ်။ ဒီ ၁ ရက်၊ ၂ ရက်အတွင်း အဖြစ်မှန်ပေါ်ပေါက်မှာပါလို့လည်း တိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ဘဝင်းက ပြောပါတယ်။

သေဆုံးသူကို အချုပ်ခန်းအတွင်း ထိန်းသိမ်းထားတာမဟုတ်ဘဲ ရဲကင်းစခန်း ဓမ္မာရုံမှာခေတ္တ ထိန်းသိမ်းခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်အရှိဆုံးသူဖြစ်တဲ့ စိုင်ပြင် ရဲကင်းစခန်းမှုး ဒုရဲအုပ် မောင်မျိုးကိုတော့ ရဲစည်းကမ်းအရ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ ချုပ်မိန့်နဲ့ ရွှေဘိုမြို့မှာ ၁ ပတ် ချုပ်ထားတယ်လို့ သိရပါတယ်။ 

ရဲတပ်ဖွဲ့နေ သေဆုံးသူရဲ့ မိသားစုဝင်တွေကို ငွေကြေးနဲ့ ပြေလည်ဖို့ ကြားခံလူကတဆင့် ညှိနှိုင်းတာလည်း ၂ ကြိမ်ရှိပြီလို့ ပြောပါတယ်။ မိသားစုဝင်တွေကတော့ ဥပဒေနဲ့အညီ အမှန်အတိုင်းသာဖြစ်စေချင်ပြီး အပြစ်ရှိသူကို ထိထိရောက်ရောက် အပြစ်ပေးနိုင်ဖို့သာ လိုလားနေ ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013