DVB Logo
Home
ဆောင်းပါး
ဆက်သွယ်ရေး ၀န်ကြီးအသစ်ခန့်အပ်တာ ဘာသဘောဆောင်သလဲ
DVB
·
February 14, 2013
ဆက်သွယ်ရေး ၀န်ကြီးအသစ်ခန့်အပ်တာ ဘာသဘောဆောင်သလဲ
Donate to DVB

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရပြီး နုတ်ထွက်သွားရတဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းရဲ့ နေရာမှာ အစားထိုးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို သမ္မတ ဦးသိန်းစိန်က နာမည်စာရင်း တင်သွင်းလိုက်ပါတယ်။

နာမည်စာရင်းတင်ပြီး သိပ်မကြာခင်မှာပဲ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေနဲ့ နောက်နေ့ ပြည်တွင်းထုတ်ဂျာနယ်တွေမှာ ဒီခန့်အပ်မှုနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေ ပေါ်ထွက်လာပါတယ်။ အဓိက မေးခွန်းကတော့ ကျွမ်းကျင်မှုလည်း လိုအပ်ပြီး အရပ်သား ဘယ်သူ့ကိုမဆို ခန့်အပ်ပိုင်ခွင့်ရှိတဲ့ ဒီ ၀န်ကြီးနေရာမှာ ဘာကြောင့် စစ်ဗိုလ်ချုပ်တယောက်ကို ခန့်တာလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေပြီး စစ်မှန်တဲ့ တံခါးဖွင့် ဈေးကွက်စီးပွားရေးကိုလည်းသွားမယ်လို့ ကြွေးကြော်နေလေတော့ ဒီ ကြွေးကြော်သံတွေ တကယ်အမှန်ပဲလား၊ သူတို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်ဟာ ဘာလဲဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ ခုတပတ် ဒီအကြောင်း ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

အားလုံးမှတ်မိကြဦးမယ် ထင်ပါတယ်။ အရင် အာဏာရှင်ကြီး ဦးနေ၀င်း တိုင်းပြည်အာဏာသိမ်းပိုက်ချိန်က စစ်ယူနီဖောင်းဝတ် ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်ပါတယ်။ ဒီ ယူနီဖောင်းဝတ်ပြီး တိုင်းပြည်ကို ၁၀ နှစ်ကျော်လောက် အုပ်ချုပ်ပါတယ်။ နောက်ပိုင်း တိုင်းပြည်ကို ဆိုရှယ်လစ်စနစ် ကျင့်သုံးမယ်ဆိုပြီး သူ့လက်အောက်ခံ စစ်ဗိုလ်ချုပ်တွေနဲ့ အတူတကွ မဆလပါတီ ဖွဲ့ပါတယ်။ အဲဒီ စစ်ဗိုလ်ချုပ်ဟောင်းတွေကိုပဲ လွှတ်တော်ထဲ ထည့်ပြီး နောက်ပိုင်း အရပ်သားအစိုးရ ဖွဲ့စည်းပါတယ်။ အဲဒီနောက် ရယ်စရာပြောပြောနေကြတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းကနေ သမ္မတကြီး ဦးနေ၀င်းကို အာဏာလွှဲတာ လုပ်ပါတယ်။ ဒီအတိုင်းပဲ နောက်ပိုင်း သမ္မတ ရာထူးကပါ ဖယ်ပေးခဲ့ပြီး ပါတီဥက္ကဋ္ဌကြီးအဖြစ် ဆက်နေပါတယ်။ ပြောရရင် အဲဒီအချိန်က ဦးနေ၀င်း ချမှတ်ခဲ့တဲ့ မဟာဗျူဟာကတော့ စစ်ဗိုလ်ချုပ်တွေဟာ စစ်တပ်ကို ထိထိရောက်ရောက် ထိန်းချုပ်ပြီး အာဏာလက်ရှိ အစိုးရ၊ လွှတ်တော်နဲ့ ပါတီကို အပြည့်အ၀ အကာအကွယ်ပေး၊ အချိန်တန်ရင် အစိုးရအဖွဲ့မှာ အာဏာရလိမ့်မယ်၊ လွှတ်တော်နဲ့ ပါတီထဲမှာ ထိပ်ပိုင်းနေရာရလိမ့်မယ်၊ ဒီနည်းနဲ့ စစ်ဗျူရိုကရေစီ ယန္တရားကို ကျကျနန တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၁၉၈၈ ဒီမိုကရေစီ တောင်းဆိုတဲ့ ပြည်သူ့အုံကြွမှုကြီးဖြစ်ပေါ်လာတဲ့အခါ အဲဒီ ယန္တရားကြီး ပျက်စီးသွားပြီး တိုင်းပြည်ကို စစ်ဗိုလ်ချုပ်တွေက စစ်ယူနီဖောင်းတွေဝတ်ပြီး အသစ်တဖန် ပြန်လည် အုပ်ချုပ်ကြပြန်ပါတယ်။

အနှစ် ၂၀ ကျော်ကြာတဲ့အခါ တိုင်းပြည်လည်း ချွတ်ခြုံပြာကျ၊ ပြည်သူတွေကလည်း မုန်းတီး၊ ကမ္ဘာကလည်း လက်မခံတဲ့အခါ လက်ရှိ မြင်တွေ့နေရတဲ့ မဟာဗျူဟာမြောက် အပြောင်းအလဲကို လုပ်ပါတယ်။ ကိုယ့်ဘာသာကိုယ် ရေးထားတဲ့ ဖွဲ့စည်းပုံကို အတည်ပြု၊ တရားမျှတမှု လုံးဝမရှိတဲ့ ရွေးကောက်ပွဲကျင်းပပြီး အသစ်ပေါ်ပေါက်လာတဲ့ ပါတီ၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ထိပ်ပိုင်းနေရာ အသီးသီးမှာ ယူနီဖေါင်းချွတ်ထားတဲ့ စစ်ဗိုလ်ချုပ်တွေ နေရာယူကြပါတယ်။ အရင် အစိုးရအဖွဲ့ တာဝန်ယူခဲ့သူတွေကို လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ တာဝန်တွေပေးပြီး ယူနီဖောင်းချွတ်ကာစ စစ်ဗိုလ်ချုပ်တွေကိုတော့ အစိုးရအဖွဲ့မှာ ခန့်အပ်ပါတယ်။ လက်ရှိ အစိုးရအဖွဲ့ ၀န်ကြီး အယောက် ၃၀ ၀န်းကျင်မှာ ၂၃ ယောက်ဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေတာ၊ လွှတ်တော်ရေးရာ ကော်မတီနေရာ အားလုံးနီးပါးမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေကို တာဝန်ပေးထားတာ၊ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် အားလုံး စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေတာကြည့်ရင် သိနိုင်ပါတယ်။

ဒီလိုနဲ့ အရင် အာဏာရှင်ဟောင်းတွေဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိ စစ်ဗိုလ်ချုပ်အသစ်တွေ ပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ တဆင့် တိုင်းပြည်အာဏာကို ဆက်ပြီးချုပ်ကိုင်သွားဖို့ မဟာဗျူဟာကျကျ စီစဉ် အကောင်အထည်ဖော်နေတာ တွေ့နိုင်ပါတယ်။

စစ်ဗိုလ်ချုပ်တွေဟာ အချိန်တန်ရင် ယူနီဖောင်းချွတ်ပြီး အစိုးရအဖွဲ့မှာ အာဏာရလိမ့်မယ်၊ နောက် အစိုးရအဖွဲ့ကနေနားရင် ပါတီနဲ့ လွှတ်တော်မှာ အရေးပါတဲ့ နေရာ ဆက်ယူရလိမ့်မယ်၊ ဒီအတွက် စစ်တပ်ဟာ ကြံ့ခိုင်ရေးပါတီ၊ အာဏာရ အစိုးရနဲ့ လွှတ်တော်ကို အပြည့်အ၀ ထောက်ခံ အကာအကွယ်ပေးရမယ် ဆိုတဲ့ အရင် အာဏာရှင် ဦးနေ၀င်း ကျင့်သုံးသွားခဲ့တဲ့ မဟာဗျူဟာမြောက် လမ်းကို ဆက်လျှောက်ဖို့ ကြံစည်နေတာပဲ ဖြစ်ပါတယ်။ ဒါက လက်ရှိ ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ဆက်သွယ်ရေးဝန်ကြီး ခန့်အပ်တာက သက်သေခံနေပါတယ်။

အာဏာရှင်ကြီး ဦးနေ၀င်း ရှေ့ဆောင်လမ်းပြခဲ့သလို စစ်ဗိုလ်ချုပ်တွေဟာ သူတို့ ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး လမ်းစဉ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး လမ်းစဉ်တွေကို အကောင်အထည် ဖော်ခဲ့ပေမယ့် တကြိမ်မှ မအောင်မြင်ခဲ့သလို အခုလည်း အာဏာကို လုံးဝ လက်မလွှတ်ဘဲ ဒီမိုကရေစီလို့ နာမည်ပေးထားတဲ့ လမ်းကြောင်းကို မဟာဗျူဟာ အစီအစဉ်ချမှတ်ပြီး ချီတက်နေပြန်ပြီ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းအတိုင်းသာ ဆက်ချီတက်ကြရင်ဖြင့် တိုင်းပြည်မှာ ဒီမိုကရေစီ ထွန်းကားဖို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးရဖို့၊ စီးပွားရေး အပါအ၀င် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာဖို့ မမြင်မိပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013