DVB Logo
Home
Lead Story
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
January 2, 2020
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
Donate to DVB

အပတ်စဉ် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

       မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နိုင်ငံတကာမှာ ပြီးခဲ့တဲ့တပတ်က ရုံတင်ပြခဲ့ပြီး ပရိသတ်အားပေးမှုတွေ ရရှိထားတဲ့ ဟောလိဝုဒ်ရုပ်ရှင်-Little Women !

       Romance, Period Drama အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ ၂၀၁၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် Lady Bird နဲ့ နာမည်ကြီးလူသိများတဲ့ အမေရိကန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Greta Gerwig က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

       ဒီကားကတော့ အမျိုးသမီး ဇာတ်ရုပ်အသားပေး ရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အမေရိကန်အမျိုးသမီး ဂန္ထဝင်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ၁၈၆၈ ခုနှစ်က ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးပုံဖော်ထားခဲ့တာပါ။ ဒီဝတ္ထုကို ရုပ်ရှင်အနေနဲ့ အရင်ကလည်း ရိုက်ကူးခဲ့ကြဖူး ပြီး ဒါကတော့ ၇ ကြိမ်မြောက် ပြန်လည်ရိုက်ကူးမှု ဖြစ်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပြည်တွင်းစစ်ဖြစ်ပွားပြီးချိန်ကာလမှာ ကြီးပြင်းအရွယ်ရောက်လာကြတဲ့ ညီအစ်မ ၄ ယောက်ရဲ့ ဘဝဖြတ်သန်းမှုအကြောင်းတွေကို ဘယ်လိုအချိုးအကွေ့အလှည့်အပြောင်းအလဲတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

အမျိုးသမီးဇာတ်ကောင်အသားပေး ရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးထားတဲ့ ဒီ ရုပ်ရှင်ကားထဲမှာတော့ ဟယ်ရီပေါ်တာရုပ်ရှင်စီးရီးစ်တွေနဲ့ နာမည်ကြီးလူသိများတဲ့ ဟော လိဝုဒ်သရုပ်ဆောင်မင်းသမီး Emma Watsonနဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Saoirse Ronan ၊ Florence Pugh ၊ Eliza Scanlen နဲ့ Laura Dern စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။

       ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။

       IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 8.3 ထိ ရရှိထားပြီး ရုပ်ရှင်ဝေဖန်ရေး ဆရာတွေက ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

       ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၄၀ အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကို နိုင်ငံတကာမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်ပြီး ရုံတင်ပြသနေပါတယ်။

နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ခြောက်ခြားစရာ ဇာတ်ဝင်ခန်းတွေနဲ့ ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမယ့် ဟောလိဝုဒ်ရုပ်ရှင်-The Grudge !

ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Nicolas Pesce က ရိုက်ကူးပုံဖော် ပေးထားတာဖြစ်ပြီး Sony Pictures Releasing ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။

The Grudge လို့ ပြောလိုက်တာနဲ့ Horror အမျိုးအစား ရုပ်ရှင်ပရိသတ်တွေနဲ့ မစိမ်းတဲ့ ဒီနာမည်ကို ရင်းနှီးကြပြီး ဖြစ်မှာပါ။ ဒီကားကတော့ မူရင်းဂျပန်ဇာတ်လမ်း Ju- On: The Grudge ကို အခြေခံပြီး ရုပ်ရှင်တွေ အကြိမ်ကြိမ်ပြန်ရိုက်ခဲ့ကြပြီး ခုထွက်ရှိလာတဲ့ ရုပ်ရှင်ကတော့ ၄ ကားမြောက်ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ မကျွတ်လွတ်တဲ့ မကောင်းဆိုးဝါးဝိညာဉ်တကောင်ရှိနေတဲ့ အိမ်တအိမ်ကို လူနာပြုစုဖို့ ရောက်လာပြီး ဝိညာဉ်ရဲ့တိုက်ခိုက်မှုကိုခံရတဲ့ သူနာပြုဆရာမလေးအကြောင်းကို ရိုက်ပြထားခဲ့တာပါ။ မကျွတ်လွတ်တဲ့ ဝိညာဉ်ရဲ့ နောက်ကြောင်းကရော ဘာတွေဖြစ်မလဲ၊ အိမ်ထဲကို ရောက်လာသူတွေကို အလွတ်မပေးတဲ့ အငြိုးအတေးတွေနဲ့ တိုက်ခိုက်ခံရတဲ့ အကြောင်းအရာတွေနဲ့အတူ အရင်ကားတွေနဲ့မတူဘဲ ဘယ်လိုသွေးပျက်ထိတ်လန့်စရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးပုံဖော်ထားမလဲဆိုတာကိုတော့ ဒီကားထဲ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Andrea Riseborough ၊ Demián Bichir ၊ John Cho ၊ Betty Gilpin စတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြပါတယ်။

ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

အရင်ရုပ်ရှင်ကား ၃ ကားစလုံးဟာ Box Office မှာ ရုံတင်ဝင်ငွေစံချိန်တင် ရရှိခဲ့တဲ့ ရုပ်ရှင်တွေ ဖြစ်တာမို့ ခု ၄ ကားမြောက်ရုပ်ရှင်အနေနဲ့ ထွက်ရှိလာတဲ့ ဒီကားကရော ရုံ တင်ဝင်ငွေစံချိန်တင်နိုင်ပါ့မလားဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ  ၉ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၉၃ မိနစ်ရှိတဲ့ ဒီကားကိုတော့ လာမယ့် ဇန်နဝါရီလ ၃ ရက်နေ့မှာ ရုံ တင်ပြသတော့မှာ ဖြစ်ပါတယ်။

       မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးထူးခြားခြား မြန်မာဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ - ၃(က) !

   ဒီကားကိုတော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ အောင်ချမ်းလူက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

   ဒီရုပ်ရှင်ကတော့ လက်ရှိလူမှုဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ထင်ဟပ်စေမယ့် ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ ဒီကားထဲမှာ ခေါင်ဆိုင်ဆိုတဲ့ Single Mother မိန်းကလေးတယောက်ရဲ့ ဘဝဇာတ်လမ်းကို ရှုစားကြရမှာပါ။ ပညာမတတ်၊ ငွေကြေးမပြည့်စုံတဲ့ ခေါင်ဆိုင်တယောက် ဆိုးဝါးလှတဲ့ ကံကြမ္မာအတုံ့အလှည့်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖိနှိပ်ခံခဲ့ရတဲ့ အလှည့်အပြောင်း ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယ်လိုရိုက်ကူးပုံဖော်ထားမလဲ။ သူ့လို မိန်းကလေးတွေအတွက် ကာကွယ်ပေးနိုင်ဖို့ ဥပဒေလို အပ်နေပြီလား။ တူညီတဲ့အခွင့်အရေး မရသေးတဲ့ လူတန်းစားတရပ်၊ ဖိနှိပ်ခံအမျိုးသမီးငယ်လေးတွေရဲ့ ဘဝဇာတ်ကြောင်းတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ လူငယ်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ သရုပ် ဆောင်မင်းသား ချမ်းမင်းရဲထွဋ်၊ နန်းဆုဦးတို့နဲ့အတူ ဝါရင့်သရုပ်ဆောင်မင်းသမီး စိုးမြတ်သူဇာ၊ ထူးခြား၊ ကလေးသရုပ်ဆောင် ဟိဏ်းသီရိစံတို့က အတူပါဝင်သရုပ်ဆောင်ထားကြပါတယ်။

၃(က) ရုပ်ရှင်ရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့၊  Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒီကားကိုတော့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

       မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဘောလိ ဝုဒ်ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Good Newwz !

ဟာသဇာတ်မြူး ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ အိန္ဒိယရုပ်ရှင်ဒါ ရိုက်တာ Raj Mehta က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Zee Studios ကနေ ဖြန့်ချိပေးထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ မျိုးရိုးနာမည်ချင်းတူညီနေကြတဲ့ စုံတွဲ ၂ တွဲဟာ ဆေးရုံတရုံမှာ တိုက်ဆိုင်စွာပဲ ဖန်ပြွန်သန္ဓေသားယူကြဖို့ တချိန်တည်း တပြိုင်တည်းရောက်လာခဲ့ကြချိန်မှာ သူတို့ နာမည်တွေ တူနေခဲ့တဲ့အတွက် အလွဲအချော်၊ ကမောက်ကမဖြစ်ရတာတွေကို ဟာသဒရာမာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း မြိုင်မြိုင်ဆိုင်ဆိုင် ရှုစားကြရမှာပါ။

ဒီရုပ်ရှင်ကားထဲမှာတော့ ဘောလိဝုဒ်စတားမင်းသားအက်ရှေးကူးမားနဲ့အတူ တ ခြားသရုပ်ဆောင်မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ကရီနာကပူးရ်၊ ဒီလ်ဂျစ်ဒိုဆန်းဂျ်၊ ကီ ရာယာ အက်ဒ်ဗန်နီစတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 8.1 အထိ ရရှိထားတဲ့ ဇာတ်ကား ကောင်းတကား ဖြစ်ပြီး NR အဆင့် သတ်မှတ်ထားပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇၄ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၃၂ မိနစ်ရှိပြီး ဟင်ဒီစကားပြောရုပ်ရှင်ကားတကားအနေနဲ့ ရှုစားကြ ရမယ့် ဒီရုပ်ရှင်ကားကို မြန်မာနိုင်ငံမှာလည်း လက်ရှိရုံတင်ပြသနေတာမို့ ပရိသတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

   မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဝါရင့်စာ ရေးဆရာကြီး တင့်တယ်ရဲ့ ဂန္ထဝင်ဝတ္ထုတပုဒ်ကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးပုံဖော်လိုက်တဲ့ ကမ္မဖလ !

       ဒီကားကိုတော့ ပွဲခင်းရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဝါရင့်ဇာတ်ညွှန်းဆရာ ငြိမ်းမင်းက ဇာတ်ညွန်းခွဲထားပေးခဲ့ကာ ဒါရိုက်တာ ပန်းချီစိုးမိုးက ရိုက်ကူးပုံဖော်ပေးထား တာ ဖြစ်ပါတယ်။

ဒီဝတ္ထုဟာ လွန်ခဲ့တဲ့ အနှစ် ၆၀ လောက်ကတည်းက ထွက်ရှိခဲ့ပြီး အကြိမ်ရေ အ တော်များများ ပြန်လည်ထုတ်ဝေရတဲ့ စာအုပ်တအုပ်လည်းဖြစ်ကာ ရုပ်ရှင်အနေနဲ့ ပြန် ရိုက်ကူးဖို့လည်း အားထုတ်ခဲ့ကြဖူးပါတယ်။

ဘဝအလှည့်အပြောင်းပေါင်းများစွာနဲ့ ရှင်သန်ကြီးပြင်းလာရတဲ့ မောင်ကံကောင်း၊ ဉပဒေကို လက်တစ်လုံးခြား လှည့်ပတ်တိမ်းရှောင်ရင်း လူ ၇ ယောက်ကို ပိပိရိရိနဲ့ သတ်ဖြတ်ခဲ့တဲ့ လူတယောက်စတဲ့ အကြောင်းအရာတွေနဲ့အတူ ပရိသတ်တွေ လက်ခံနှစ်ခြိုက်ခဲ့ကြတဲ့ ဝတ္ထုတပုဒ်လည်း ဖြစ်ပါတယ်။

အားလုံးသိကြပြီးဖြစ်တဲ့ ဦးကံကောင်း၊ သစ်လုပ်ငန်း ပိုင်ရှင်သူဌေးကြီး ဦးနကီ၊ အ လောင်းကစားဝါသနာကြီးလှတဲ့ ဆန်စက်ပိုင်ရှင် ဦးစိန်မောင်၊ သူဌေးကြီးဦးနကီရဲ့သား ဦးဒေါန၊ သမီးတော်လေး စောလှ၊ ဇာတ်သမား စိန်ကြည်အောင်စတဲ့ ဇာတ်ကောင်တွေ၊ ခေတ်နဲ့ လိုက်ဖက်တဲ့ ဆက်တင်အပြင်အဆင်တွေကို ဘယ်လို ဖန်တီးပုံဖော်ထားမလဲ ဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ပြေတီဦး၊ မင်း မော်ကွန်း၊ မိုးဟေကို၊ အေးမြတ်သူ၊ စိုးပြည့်သဇင်တို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါ တယ်။

ဒီကားကိုတော့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တနင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီးတော့ အားပေးနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013