DVB Logo
Home
မြန်မာသတင်း
ဦးပိုင္ကုမၸဏီကို လယ္သမားမ်ား တရားစြဲ
DVB
·
February 14, 2013
ဦးပိုင္ကုမၸဏီကို လယ္သမားမ်ား တရားစြဲ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးက လယ်သမားတွေက တပ်မတော်သားတွေရဲ့ အစုရှယ်ယာတွေနဲ့ ထူထောင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်ကို မုံရွာခရိုင်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် မိုးကြိုး ဆာလ်ဖျူရစ်အက်ဆစ် စက်ရုံအတွက် မြေတွေကို လိုအပ်တာထက် ပိုပြီးတော့ ဂရမ် လျှောက်ထားတဲ့အတွက် လယ်သမားတွေက မုံရွာခရိုင် တရားရုံးမှာ စွဲဆိုလိုက်တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှာ အမှုကို လက်ခံခဲ့ပါတယ်။

တရားစွဲဆိုသူတွေကတော့ ဥပဒေအကျိုးဆောင် ရှေ့နေ ဦးဖိုးဖြူ အပါအ၀င် တောင်သူလယ်သမား ၄၈ ဦး ဖြစ်ပြီး တရားစွဲဆိုခံရသူတွေကတော့ ဗိုလ်မှူးကြီးခင်အောင် (ငြိမ်း)၊ စက်ရုံမှူးနှင့် ဗိုလ်ကြီးဝင်းညွန့်ဦး (ငြိမ်း) နဲ့ လက်ထောက်စက်ရုံမှူးတို့ ဖြစ်ပါတယ်။

မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံအလုပ်သမားတွေအတွက် ကံကုန်းကျေးရွာအနီးမှာ အိမ်ရာဝင်း ၅ ဧကကို ၂၀၀၆-၂၀၀၇ ခုနှစ်က ဆောက်လုပ်အပြီးမှာ အနီးနားရှိ လယ်မြေဧက ၁၄၀ ကျော်ကိုလည်း ဂရန်မြေလျှောက်ထားပြီး စက်ရုံမြေအဖြစ် ရယူထားတယ်လို့ ဆိုပါတယ်။

အမှန်တကယ်လိုအပ်တဲ့ လယ်ဧက ၅ ဧကထက် ပိုမိုရယူထားလို့ တရားစွဲဆိုလိုက်တာ လို့ ဦးဖိုးဖြူက ပြောပါတယ်။

ဒီတရားစွဲဆိုရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဦးဖိုးဖြူက “မုံရွာတရားရုံးကို မနေ့က အမှုနံပါတ် ၉/၂၀၁၃ နဲ့ တင်တယ်၊ လက်ခံလိုက်ပြီ။ ဒီလ ၂၈ ရက်နေ့ စကြားနာမယ်။ လယ်သမားတဦးရဲ့ ကိတ္တိမ မွေးစားသားအဖြစ်နဲ့ ကျနော်အပါအ၀င် ၄၈ ဦး။ တဖက်က ဗိုလ်မှူးကြီး ခင်အောင်(ငြိမ်း)အပါအ၀င် ၂ ဦးကို ဆင့်ခေါ်မယ်။ ပဏာမအနေနဲ့ ယာယီ တားဝရမ်း လျှောက်ထားတာက စိုက်ပျိုးလုပ်ကိုင်နေတာကို အနှောင့်အယှက်မပေးဖို့၊ တဖက်ကလည်း လက်ပန်းတောင်းတောင်၊ ကြေးစင်တောင်နဲ့ စီမံကိန်းဒေသနဲ့ ဆက်စပ်နေလို့ ၀မ်ပေါင်ရန်၊ ဦးပိုင်ရန်က ကင်းဝေးချင်တယ်။ ရောင်းချတာ ပြုလုပ်မှာလည်း စိုးရိမ်တယ်။ ဒါကြောင့် တားမြစ်တဲ့ တားဝရမ်းထုတ်ပေးပါဆိုပြီး မနေ့က တရားရုံးမှာလျှောက်ထားတယ်။ အမှုအနေနဲ့ကတော့ စိုက်ပျိုးလုပ်ကိုင်ခွင့်ကို တရားဝင်အသိအမှတ်ပြု မြွက်ဟကြေညာပေးပါလို့ အမှုကြီးအနေနဲ့ ဖွင့်ထားတာ။ ကြားဖြတ်အမိန့်လျှောက်ထားတာတော့ တားဝရမ်းအမိန့်ထုတ်ပေးဖို့ လျှောက်ထားတယ်” လို့ ပြောပါတယ်။

တရားဝင်အခွင့်အရေးကို တောင်းဆိုဖို့အတွက် မြေယာကို လက်ငုတ်အတိုင်း စိုက်ပျိုးလုပ်ကိုင်နိုင်ဖို့ အခွင့်အရေး ရသင့်တဲ့အတွက် အသိအမှတ်ပြုစေချင်လို့ တရားစွဲလိုက်တာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးဖိုးဖြူက “လွှတ်တော်က ကော်မရှင်တွေဟာ အကြိမ်ကြိမ်ဆင်းလာပါတယ်။ ဒါပေမယ့် ကော်မရှင်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ယနေ့အထိ ထုတ်ပြန်ခြင်းလည်း မရှိသေးပါဘူး။ ပြည်သူတွေဟာ တိုင်စာနဲ့ပဲ လမ်းဆုံးတဲ့ဘ၀ ရောက်နေပါတယ်” လို့ ဆိုပါတယ်။

၂၀၁၂ နှစ်ဆန်းပိုင်းမှာတော့ စက်ရုံတာဝန်ရှိတွေက စိုက်ပျိုးနေတဲ့ လယ်သမား ၃၀ ကျော်ကို ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ကျူးကျော်မှုနဲ့ တရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013