၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှာ ဖွင့်လှစ်တဲ့ ၁၁ ကြိမ်မြောက် အောင်ဘာလေထီဆုရဲ့ အမြင်ဆုံး ကျပ်သိန်း ၁၅၀၀၀ ဆုကို တနင်္သာရီတိုင်း မြိတ်မြို့နယ် ခရူတောရပ်ကွက်မှာ နေထိုင်တဲ့ အထည်ရောင်းတဲ့မိသားစုက ဆွတ်ခူးရရှိပါတယ်။
ဘိတ်တောင်ရွာ တိုးချဲ့ဈေးမှာ အဝတ်အထည် ရောင်းချတဲ့ မိသားစုက ရတနာသိန်းထိုက်အောင် ထီဆိုင်မှာ (င) အက္ခရာ ၂၀၄၅၈၈ နံပါတ်နဲ့ အမြင့်ဆုံး အောင်ဘာလေ ထီဆု ဆွတ်ခူးရရှိခဲ့တာလည်း ဖြစ်ပါတယ်။
လစဉ်လတိုင်း ထီပုံမှန်ထိုးလေ့ရှိပြီး အရင်က ငါးသောင်းဆု နှစ်ကြိမ်ပေါက်ခဲ့ဖူးကာ အခုတခေါက်မှာတော့ သုံးစောင်တွဲထီ လေးအုပ်ကို ထီတစ်စောင် ၁၂၀၀ ကျပ်နှုန်းနဲ့ ထိုးယူခဲ့ပြီး ဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။
ထီဆုရှင် ဦးဂျပန်က “လှူချင်တန်းချင်တဲ့စိတ် ထက်သန်တဲ့အတွက် လစဉ်လတိုင်း ထီကို ပုံမှန်ထိုးဖြစ်တယ်။ အခုလို ထီပေါက်တဲ့အတွက် အလှူကြီးတွေ ဆက်တိုက်ပေးသွားချင်တယ်။ သားသမီးတွေကိုလည်း အမြဲတမ်း ကောင်းကောင်းမွန်မွန်ထားချင်တယ်။ မိဘမဲ့ဂေဟာတို့၊ စားစရာမဲ့ သောက်စရာမဲ့၊ ဖြစ်နေသူ ကြုံရင် ကြုံသလို လှူမယ်။ နောက်ပြီးတော့ ကျနော်တို့ လမ်းဘေး ဈေးသည်တွေမှာ အရင်းပြုတ်တဲ့သူတို့၊ အရင်းမရှိတဲ့သူတို့၊ အဲဒီလိုလူတွေကို ကူညီမယ်။ စောင့်ရှောက်မယ် ကယ်မယ်” လို့ ပြောပါတယ်။
ထီဆုကြီး ဆွတ်ခူးခဲ့သူရဲ့ ဇနီးဖြစ်သူက “ဈေးသွားနေတုန်း အမျိုးသားက ထီပေါက်တယ်လို့ ပြောတော့ဝမ်းသာပြီး အိမ်ကို တန်းပြန်လာခဲ့တယ်။ ဘာမှတောင် မဝယ်လာရဘူး။ ငှက်ပျောသီး တဖီးပဲဝယ်လာခဲ့ရတယ်။ ထီပေါက်တော့ မပြီးသေးတဲ့ဘုန်းကြီးကျောင်းတွေ မရှိတဲ့ကျောင်းတွေကိုလည်း လှူမယ်။ ပြီးတော့ မိသားစု ခရီးထွက်မယ်။ အိမ်ကတော့ ဒီအိမ်လေးက အကျိုးပေးတဲ့အတွက် ဒီမှာပဲဆက်နေနေမယ်။ အထည်ရောင်းတဲ့ လုပ်ငန်းကိုပဲ ဆက်လုပ်သွားမယ်” လို့ ပြောပါတယ်။
အစိုးရက ထီဈေးနှုန်းတွေမြှင့်တင်ပြီး ထီဆုငွေတွေ တိုးမြှင့်ခဲ့တဲ့နောက်မှာတော့ အခု ၁၁ ကြိမ်မြောက် သိန်း ၁သောင်းခွဲဆုကို တနင်္သာရီတိုင်းအတွင်းမှာ အမြင့်ဆုံးထီဆုငွေအနေနဲ့ ပထမဦးဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။
အောင်ကျော်











