အောင်တံခွန်-၇ ရေယာဉ်ဖြင့်လိုက်လာသည့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဝန်ထမ်း ယာဉ်မောင်း ၁၆ ဦးကို အေအေဖမ်းဆီး

ရခိုင်ပြည်နယ်၊ စစ်တွေကနေ ဘူးသီးတောင်ကို ဒီဇင်ဘာ ၃၁ ရက်က ထွက်ခွာလာတဲ့ အောင်တံခွန် ၇ ရေယာဉ်ကို အေအေ လက်နက်ကိုင်အဖွဲ့က ရသေ့တောင်မြို့နယ်၊ စဖိုကျွန်းနားမှာ တားဆီးရပ်တန့်စစ်ဆေးပြီး ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနက ယာဉ်မောင်း ဝန်ထမ်း ၁၆ ဦးကို ဖမ်းဆီးထားလိုက်ပါတယ်။
စစ်တွေအခြေစိုက် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး လက်ထောက်အထွေထွေ မန်နေဂျာ ဦးအောင်လင်းက "ရသေ့တောင်အလွန် စဖိုကျွန်းနဲ့ အုတ်ဖိုကျွန်းကြားမှာ ရေယာဉ်ကို အေအေက စက်လှေ ၃ စီးနဲ့ လိုက်လာပြီး သေနတ်ပစ်တားဆီးရပ်တန့်စေပြီး စစ်ဆေးတယ်။ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကပါလာတဲ့ ကားဒရိုင်ဘာ ၁၈ ယောက်မှာ ၁၆ ယောက်ကို ဖမ်းဆီးထားလိုက်တယ်။ ၂ ယောက်ကိုပြန်လွှတ်ပေးပြီးရေယာဉ်ကို ပြန်လွှတ်ပေးလိုက်တယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ဦးဇော်ထွန်းပါ ၁၆ ယောက်ဖြစ်ပြီး အဲဒီရေယာဉ်မှာ ဝန်ထမ်း ၁၂ ယောက်နဲ့ ခရီးသည် ၈၉ ယောက် လိုက်ပါလာတယ်လို့ သိရပါတယ်။
အဆိုပါ ဖမ်းဆီးခံရတဲ့ ကားဒရိုင်ဘာတွေဟာ UEHRD အစီအစဉ်နဲ့ ပြန်လည်လက်ခံရေး စခန်းတွေဖြစ်တဲ့ ငါးခူရပြန်လည်လက်ခံရေးစခန်းနဲ့ တောင်ပြိုပြန်လည်လက်ခံရေးစခန်းတွေရှိ လူတွေတင်ဆောင်ဖို့ တရုတ်နိုင်ငံက လှူဒါန်းထားတဲ့ကားတွေကို မောင်းနှင်သူတွေ ဖြစ်တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
"သူတို့က ကုန်းလမ်းသယ်ယူပို့ဆောင်ရေးက ကားဒရိုင်ဘာတွေပါ။ ပြန်လည်လက်ခံရေး စခန်းတွေမှာ လူတွေတင်တဲ့ ကားတွေကို မောင်းနေတဲ့ ဒရိုင်ဘာတွေ လူစားလဲတဲ့သူတွေ ဖြစ်တယ်။ လူစားလဲတာပေါ့။ စစ်တွေကထွက်လာကတည်းက ဖုန်းအဆက်အသွယ်ရတယ်။ ရသေ့တောင်ကျော်လာရင်လည်း ဖုန်း အဆက်အသွယ်ရသေးတယ်။ နောက် အဆက်အသွယ်ပြတ်သွားတယ်။ သတင်းရတာကတော့ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ကြားတယ်။ ၁၆ ယောက်ကို ဖမ်းထားလိုက်တယ်လို့သိရတယ်"လို့ ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သတ်ပြီး အေအေအဖွဲ့ကို ဆက်သွယ်ခဲ့ပေမမယ့် အဆက်အသွယ် မရခဲ့ပါဘူး။
အောက်တိုဘာ ၂၉ ရက်ကလည်း ဘူးသီးတောင်မြို့နယ် အုတ်တောင်ကျေးရွာအုပ်ချုပ် ရေးမှူး ဦးအောင်ကျော်စိန်၊ ဆယ်အိမ်မှူး ဦးမောင်စံလှနဲ့ ကျောင်းဆရာ ဦးဆင်ဟုန်(ခေါ်)ဦးသာဦးတို့ကို အေအေ အဖွဲ့ကဖမ်းဆီးသွားခဲ့သလို ဒီဇင်ဘာ ၂၄ ရက်နေ့မှာလည်း ဘူးသီးတောင်မြို့ နယ်တောင်ဘဇာနယ်မြေ လဝက ရုံးမှာ တာဝန်ကျနေတဲ့ လဝက အရာရှိ ၃ ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။
အေအေက ဖမ်းဆီးထိန်းသိမ်းထားတဲ့အထဲက စစ်ဘက်နဲ့မသက်ဆိုင်တဲ့ အရပ်သား ၂ ယောက်ကို ဒီဇင်ဘာ ၂၈ ရက်က ပြန်လွှတ်ပေးလိုက်ပြီလို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထား ပါတယ်။
ဒါ့အပြင် ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာနားမှာ ရွှေနဒီအမြန်ရေယာဉ်ပေါ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အထဲမှာ စစ်ဘက်နဲ့ဆိုင်တဲ့သူတွေကလွဲပြီး အရပ်သား တယောက်မှ မရှိတော့ဘူးလို့လည်း အေအေ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အေအေက ဖမ်းဆီးထားတဲ့အထဲမှာ အရပ်သားတွေအပါအဝင် ပလက်ဝမြို့နယ် အန်အယ်လ်ဒီ အမတ် ဦးဝှေ့တင်း၊ ဘူးသီးတောင်မြို့နယ် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းတို့လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဦးရဲသိန်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။ အေအေ က ဖမ်းဆီးထားသူ စုစုပေါင်း ဘယ်လောက်ကျန်တယ်ဆိုတာတော့ မသိရသေးပါဘူး။
ကောင်းကောင်း
photo: inland Water Transport











