ရခိုင်ပြည်နယ်ရှိ တည်ငြိမ်အေးချမ်းသည့်နေရာများတွင် ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်မည်

ရခိုင်ပြည်နယ်အတွင်းက တည်ငြိမ်အေးချမ်းမှုရှိတဲ့နေရာတွေမှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ပေးဖို့ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မှာကြားထားတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမမှာ ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲအပြီးမှာ ပြောကြားလိုက်တာပါ။
“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ကျနော့်ကိုမှာပါတယ်။ စောစောက ပြောတဲ့အထဲမှာ လည်း ပါပါတယ်။ ရခိုင်ပြည်နယ်မှာတည်ငြိမ်အေးချမ်းတဲ့ နေရာရှိသလို မတည်ငြိမ်တဲ့ နေရာတွေ ရှိပါတယ်။ တည်ငြိမ်အေးချမ်းတဲ့နေရာတွေကို ဦးစားပေးပြီးတော့လုပ်ပါလို့ ကျနော်ကိုမှာထား ပါတယ်။ ဒီနေရာမှာ တရားဝင်ပြောကြားခြင်း အသိပေးခြင်းဖြစ်ပါတယ်။ ကျနော်တို့ တည်ငြိမ် အေးချမ်းတဲ့နေရာဖြစ်လို့ ဒီထက်ပိုပြီးတော့ တိုးတက်အောင်ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားမယ် ဆိုတာကို ကျနော်ကတိပေးပြီးတော့ ပြောကြားလိုပါတယ်။ သို့သော်မတည်ငြိမ်ရင်တော့ မတည်ငြိမ် သလို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးကနေဝိုင်းဝန်းပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တည်ငြိမ်မှုနဲ့အတူ ငြိမ်းချမ်းမှုကို တပြိုင်နက်တည်း ဆောင်ရွက်ကြပါစို့”လို့ ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။
အန်အယ်လ်ဒီ ပါတီအနေနဲ့ အစိုးရတာဝန်ယူပြီးတဲ့နောက် လုပ်ဆောင်ရတဲ့အချိန်တို အတွင်းမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတာကြောင့် နိုင်ငံတော်ရဲ့ လိုအပ်ချက် ပေါင်းများစွာကို အလုံးစုံဖြည့်ဆည်းပေးနိုင်မှုမရှိခဲ့ပေမယ့်လည်း ပြည်သူတွေလိုအပ်ချက်တွေကို အများကြီးဖြည့်ဆည်းပေးနိုင်ခဲ့တယ် လို့လည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုက ပြောပါတယ်။
“ဒီကာလလောက်လေးနဲ့တော့ ဒီလောက်နှစ်ပေါင်းမြောက်များစွာ လိုအပ်ချက်ကို ဘယ်လိုမှ လက်ငင်းချက်ချင်း ဖြည့်ဆည်းပေးနိုင်တဲ့ အနေအထားမရှိပါဘူး။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လည်းပဲ ပြည်သူတွေသိအောင်ပြောထားပြီးဖြစ်ပါတယ်။ ကျနော်တို့လည်း ကြုံသလို ဝန်ခံပြီးတော့ ပြောပါတယ်။ ဒီလောက်သက်တမ်းတိုကာလလေးမှာ ဒီလောက်အခက်အခဲတွေ ဒီလောက်စိန်ခေါ် မှုတွေ ဒီလောက်မြောက်များတဲ့လိုအပ်ချက်တွေကို ဘယ်လိုမှဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။ သို့သော် ကျနော်တို့အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ပြီးပါပြီ၊ ဆက်ပြီးတော့လည်းပဲ ပြည်သူ အတွက် ဒီနေ့ တာဝန်ယူထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ ပြည်သူအတွက် ပြည်သူကို မျက်နှာမူပြီးတော့ ပြည်သူရဲ့ဆန္ဒကို ဖြည့်ဆည်းတဲ့နေရာမှာ ဒီအစိုးရလောက် ဖြည့်ဆည်းနိုင်တဲ့ အနေအထားမရှိခဲ့ဘူးဆိုတာကို အားလုံးအသိပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။
လူထုတွေ့ဆုံပွဲကို ရခိုင်ပြည်နယ်အစိုးရဝန်ကြီးတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့စတဲ့ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး တင်ပြတောင်းခံခဲ့ကြသလို သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ပြည်သူတွေကို ရှင်းလင်းအသိပေး ပြောကြားပါတယ်။
သတင်း- နောင်နောင်











