DVB Logo
Home
မြန်မာသတင်း
အမျိုးသားစာပေဆုရှင် သတင်းစာဆရာကြီး နတ်မောက်ထွန်းရှိန် အမှတ်တရပွဲ ကျင်းပ 
DVB
·
December 30, 2019
အမျိုးသားစာပေဆုရှင် သတင်းစာဆရာကြီး နတ်မောက်ထွန်းရှိန် အမှတ်တရပွဲ ကျင်းပ 
1 / 6
Donate to DVB

အမျိုးသားစာပေဆုရှင် သတင်းစာဆရာကြီး နတ်မောက်ထွန်းရှိန် ကွယ်လွန်ခြင်း တလပြည့် အောက်မေ့ဖွယ် အခမ်းအနားကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးလူထု နေရာမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ကျင်းပပါတယ်။

သတင်းစာဆရာကြီး နတ်မောက်ထွန်းရှိန်ကို ၁၉၃၈ နိုဝင်ဘာ ၁၃ ရက်က နတ်မောက်မြို့နယ်၊ ဘော်အိုင်ကျေးရွာမှာ အဖဦးကျော်ဟန်၊ အမိဒေါ်ညိုလေးတို့က မွေးဖွားခဲ့ပါတယ်။ အမည်ရင်းမှာ ဦးထွန်းရှိန် ဖြစ်ပြီး ငယ်စဉ်ကျောင်းသားဘဝက စပြီး ကဗျာစပ်နည်းများ သင်ယူကာ ကဗျာတွေ ရေးသားခဲ့ပါတယ်။

ဒီနောက် မန္တလေး ဟံသာဝတီသတင်းစာ၊ လူထုသတင်းစာတွေမှာလည်း သတင်းစာဆရာ၊ အယ်ဒီတာအဖြစ်လည်းကောင်း၊ မန္တလေး နေ့စဉ်သတင်းစာမှာ အယ်ဒီတာချုပ်အဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့ပြီး မကွယ်လွန်မီအထိ ဆောင်းပါးတွေ ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

ဆရာကြီး ရေးသားခဲ့တဲ့ စာအုပ်တွေအနက် မန္တလေးယဉ်ကျေးမှုအနုပညာ၊ ကိုယ်တွေ့ မန္တလေးမီး၊ သူ့တို့တေး သူတို့ဘဝ သူတို့အနုပညာ၊ အမှတ်တရမန်းသင်္ကြန်၊ ပါတော်မူမှသည် ဇာတိမာန်၊ မြန်မာ့ဘုန်းတော်ကြီးကျောင်းကြီးများ၊ နှစ် ၁၅၀ ပြည့် မန္တလေး၊ ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနေပြည်၊ မန္တလေးခေတ် ပိဋကတ်စာအုပ်ဆိုင်များ၊ ရတနာပုံ မန္တလေးခေတ် နိပါတ်ပန်းချီကျော်များနှင့် နိပါတ်ပန်းချီလက်ရာများ၊ လှူကြ၊ တန်းကြ မန္တလေးမြို့က ကျောင်းအမများ၊ ယဉ်ကျေးမှုမြို့တော်မှ မြန်မာ့ရိုးရာလုပ်ငန်း ဆယ်ပွင့်ပန်း၊  မန္တလေးရတနာပုံ ဘုရားစုံ စတဲ့ စာအုပ်တွေက ထင်ရှားလူသိများပါတယ်။



ဆရာကြီးဟာ ၂၀၀၁ ခုနှစ်မှာ ဝင်းတွေနဲ့ တည်ခဲ့တဲ့ မင်းနေပြည်စာအုပ်နဲ့ အမျိုးသားစာပေဆု ရရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာ ရတနာပုံ မန္တလေးခေတ် နိပါတ်ပန်းချီကျော်များနှင့် နိပါတ်ပန်းချီလက်ရာများစာအုပ်နဲ့  အမျိုးသားစာပေဆု ရရှိခဲ့သလို ၂၀၁၄ ခုနှစ်မှာတော့ ရတနာပုံ မန္တလေးခေတ် နိပါတ်ပန်းချီကျော်များနှင့် နိပါတ်ပန်းချီလက်ရာများ စာအုပ်နဲ့ ထွန်းဖောင်ဒေးရှင်း စာပေဆု ရရှိခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ နတ်မောက်ထွန်းရှိန် အောက်မေ့ဖွယ်ပွဲကို  ဆရာမောင်သစ်လွင်- လူထု၊ စာရေးဆရာ ဆူးငှက်၊ စာရေးဆရာ သိုက်ထွန်းသက်၊  ဆရာသန်းဖေသား၊ တရားလွှတ်တော်ရှေ့နေကြီး ဦးထွန်းအောင်ကျော် စတဲ့ စာရေးဆရာတွေ စာပေချစ်သူတွေနဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပြီး ဆရာကြီး ရေးသားခဲ့တဲ့ စာပေတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပြသခဲ့ပါတယ်။







စာရေးဆရာ ဆူးငှက်က “ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုတဲ့ ဒီမိုကရေစီလမ်းကြောင်းတခုပေါ်မှာ ကျနော်တို့ မဏ္ဍိုင်ကြီးလေးရပ်က ပြောနေကြတဲ့အချိန်၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင် စတဲ့ ဒီမဏ္ဍိုင်တွေထဲက ကျနော်တို့ စတုတ္ထမဏ္ဍိုင်မှာလည်း ဆရာကြီးနတ်မောက်ထွန်းရှိန်လို သတင်းစာ ဆရာစစ်စစ်များ၊ ရိုးရိုးသားသား လုပ်ကိုင်မယ့် သတင်းစာဆရာစစ်စစ်များ၊ တိုင်းပြည်အပေါ် သစ္စာမဖောက်မယ့် သတင်းစာဆရာများ၊ ကိုယ်ကျိုးစီးပွားမမက်တဲ့ သတင်းစာဆရာစစ်စစ်များ အများကြီး လိုအပ်နေတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013