DVB Logo
Home
မေးမြန်းခန်း
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးကိစ္စ ဖျန်ဖြေပေးဖို့ဆိုတာ စဉ်းစားစရာဖြစ်နေ – ကေအိုင်အို
DVB
·
February 13, 2013
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးကိစ္စ ဖျန်ဖြေပေးဖို့ဆိုတာ စဉ်းစားစရာဖြစ်နေ – ကေအိုင်အို
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကာယကံရှင်တွေ လိုလားတယ်၊ လုပ်စေချင်တယ်ဆိုရင် အချိန်မရွေး ၀င်လုပ်ပေးမယ်လို့ ပြည်ထောင်စုနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်တွေအတွက် တစုံတဦးကို အမည်တပ်ပြီးတော့ ပါဝင်ဖို့ ဖိတ်ခေါ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် တဦးတယောက်အနေနဲ့ ပြောဆိုခွင့် လုပ်ပိုင်ခွင့်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းကပဲ ရှိမယ်လို့ နားလည်ထားတဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ငြိမ်းချမ်းရေးကိစ္စတွေမှာ ကြားဝင်ဖျန်ဖြေပေးဖို့ဟာ စဉ်းစားစရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ပြောခွင့်ရ ဦးလနန်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီး ကေအိုင်အိုအနေနဲ့ ဘယ်လိုသဘောထားရှိလဲ။

[caption id="attachment_36402" align="alignleft" width="150" caption=" ဦးလနန်"][/caption]

“ကေအိုင်အိုကတော့ အစိုးရနဲ့ တိုင်းရင်းသားကြားမှာ တွေ့ဆုံညှိနှိုင်းတဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ဘယ်သူက ပါဝင်သင့်တယ်ဆိုပြီး ကျနော်တို့ဘက်ကနေ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်အပေါ်မှာ တိုက်ရိုက်ပြောဆိုပြီး အကူညီတောင်းတာမျိုးတော့ လုပ်မှာမဟုတ်ဘူး။ ဒါဟာ ကေအိုင်အိုရဲ့ ချမှတ်ထားတဲ့ လမ်းစဉ်ပါ။ ဒါကြောင့်မို့ ဒီဖြစ်စဉ်မှာ ဘယ်သူဟာ ပါဝင်သင့်တယ်၊ ပါဝင်ရမယ်ဆိုတာမျိုး ကျနော်တို့က ပြောမှာလည်း မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ကတော့ နိုင်ငံသူနိုင်ငံသား အားလုံးမှာ တာဝန်ရှိတယ်။ တာဝန်ရှိတဲ့အတွက်ကြောင့်လည်း အခုပဲ ရန်ကုန်ကနေ ငြိမ်းချမ်းရေးလိုလားတဲ့ လှုပ်ရှားတဲ့သူတွေကနေပြီးတော့ လမ်းလျှောက်ပြီး လိုင်ဇာထိ တက်လာနေတဲ့ဟာမျိုး။ ဒါတွေက ဘာလဲဆိုတော့ နိုင်ငံရေးလုပ်ဆောင်မှုတွေမှာ ပါဝင်လုပ်ဆောင်မှုလို့ပဲ ကျနော်တို့ နားလည်ထားတယ်။ သူတို့ အဲလိုပါဝင်လာဖို့ ကျနော်တို့ဘက်က တိုက်တွန်းတာမျိုးလည်း လုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီကိစ္စမှာ ပါဝင်သင့်တယ်ဆိုပြီး ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ ကျနော်တို့ဘက်က ကြိုဆိုပါတယ်။”

“နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချိန်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးရဲ့ တာဝန်တွေရော၊ ဒီမိုကရေစီခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုရော တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တယောက်လို့ မြင်တယ်။ ဒီအမျိုးသားရေးဖြစ်စဉ်မှာ လွှတ်တော်ကိုယ်စားလှယ် တဦးတယောက်အနေနဲ့ ကြားဝင်ပြီး ၀င်ရောက်ဖျန်ဖြေပေးမယ်ဆိုတဲ့ကိစ္စက စဉ်းစားစရာကြီးပေါ်လာတယ်။ လွှတ်တော်ကိုယ်စားလှယ် တဦးတယောက်ရဲ့ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ဟာ လွှတ်တော်ထဲမှာ ချမှတ်ထားတဲ့၊ လွှတ်တော်ထဲမှာ ကတိဝန်ခံထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်ထဲကနေပဲ ပြောဆိုလှုပ်ရှားရမယ့် ကိစ္စလို့ နားလည်ထားပါတယ်။”

“ဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ် တဦးတယောက်အနေနဲ့ နိုင်ငံရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကြားဝင်ဖျန်ဖြေပေးမယ်ဆိုတဲ့ ကိစ္စကတော့ အများကြီး စဉ်းစားစရာတွေရှိတယ်လို့ ကျနော် ဆိုလိုချင်တယ်။”

တဦးတယောက်ကို ကေအိုင်အိုအနေနဲ့ အကူအညီ တောင်းမှာမဟုတ်ဘူးဆိုပြီး ပြောခဲ့တော့ ဘာဖြစ်လို့လဲ၊ ကေအိုင်အိုမှာ မူဝါဒရှိလား။

“မူဝါဒလိုမျိုး သတ်သတ်မှတ်မှတ် ဆုံးဖြတ်ချက် ချထားတာမျိုး ရှိပေမယ့် ကျနော်တို့ ကေအိုင်အို ဗဟိုကော်မတီတွေက အဲလိုသွားဖို့အတွက် အားလုံး သဘောပေါက် နားလည်ထားတယ်။ ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ နိုင်ငံရေးဖြစ်ဉ်မှာ ဘယ်သူကတော့ ပါဝင်သင့်တယ်။ ဘယ်သူ့ကိုတော့ ဒီကိစ္စထဲ ဆွဲသွင်းပြီးတော့ ဖျန်ဖြေခိုင်းရအောင်ဆိုတာမျိုး သတ်မှတ်ထားတာမရှိဘူး။ ဒါပေမယ့် ဒီကိစ္စထဲပါဝင်မယ့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို ကြိုဆိုတယ်။”

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာပါဝင်ဖို့ ကာကယံရှင်တွေက လိုလားတယ်၊ ဖိတ်ခေါ်တယ်ဆိုရင် သူကတော့ မငြင်းဘူးလို့ပြောတော့ ဦးလနန်တို့ ဖိတ်ခေါ်ဖို့ရှိလား။

“အခုအချိန်ထိတော့ ဘယ်ပုဂ္ဂိုလ်ကိုမှ နာမည်တပ်ပြီး ပါဝင်ပေးပါဆိုတာမျိုး၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကိုတော့ အဲလိုဖိတ်ခေါ်ဖို့ မရှိသေးဘူး။ တာဝန်သိသိနဲ့ ပါဝင်လာတယ်ဆိုရင်တော့ ကြိုဆိုမှာပါ။”

ပြည်ထောင်စုနေ့နဲ့ ပတ်သက်လို့ရော ဘာပြောချင်ပါလဲ။

“ပြည်ထောင်စုနေ့ဆိုတာကတော့ နာမည်နာမပဲရှိတာပါ။ စစ်မှန်တဲ့ပြည်ထောင်စုကို အခုအချိန်အထိ နှစ်ပေါင်း ၆၆ ကျော်လာသည့်တိုင်အောင် အနှစ်သာရ ဘာမှမရရှိသေးဘူး။ ပြည်ထောင်စုအနှစ်သာရဆိုတာ တိုင်းရင်းသားတွေအားလုံး ရပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အပေါ် တန်ဖိုးဖြတ်ရမယ့်ကိစ္စလို့မြင်တယ်။ အခုထိ တိုင်းရင်းသားဒေသမှာ တိုက်ပွဲတွေဖြစ်နေသေးတာဟာ ပြည်ထောင်စု အနှစ်သာရဟာ အခုထက်ထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ ခိုင်ခံ့မှုမရှိသေးဘူးလို့ မြင်တယ်။ ဆက်သွားရမယ့်ကိစ္စပါ။ စစ်မှန်တဲ့ပြည်ထောင်စုဆိုတဲ့ အခေါ်အဝေါ်အသုံးအနှုန်းကို အမှန်တကယ်လက်တွေ့ အကောင်အထည်ဖော်နိုင်လာဖို့ နိုင်ငံသူနိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်။ နောက်နောင်ဖြစ်လာမယ့် ပြည်ထောင်စုဟာ အမှန်ပဲ အနှစ်သာရပြည့်ဝတဲ့ ပြည်ထောင်စု အခမ်းအနားဖြစ်စေချင်တယ်။”

သမ္မတဦးသိန်းစိန်ကလည်း ပြည်ထောင်စုနေ့မိန့်ခွန်းမှာ ငြိမ်းချမ်းရေးအရေးကြီးတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရအောင်သူကြိုးစားမယ်လို့ ပြောတာရှိတယ်။ ဒီအပေါ်ရော။

“ငြိမ်းချမ်းရေးဆိုရာမှာ နိုင်ငံရေးပြဿနာကို အရင်ပြေလည်အောင် ဖြေရှင်းဖို့ အရေးကြီးဆုံးပါ။ နိုင်ငံရေးပြဿနာဖြေရှင်းသွားတဲ့အခါမှာ ငြိမ်းချမ်းရေးဟာ တကူးတကလုပ်စရာမလိုဘူးလို့ နားလည်ထားတယ်။ နိုင်ငံရေးကိစ္စတွေပြေလည်ပြီးသွားတဲ့အခါ တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရလဒ်အသီးအပွင့်တွေကို ခံစားရမှာပါ။ သူပြောတဲ့အပေါ်မှာတော့ ဝေဖန်ပြောဆိုစရာမရှိဘူး။ အမှန်တကယ်ပဲ နိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာတော့ ပထမဦးစားပေး လုပ်ရမယ့် လုပ်ငန်းလို့ ထင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013