သီပေါတွင် သေနတ်ဒဏ်ရာများနှင့်သေဆုံးနေသည့် အလောင်း ၃ လောင်းတွေ့ရှိ
နန်းမြနဒီ
·
December 28, 2019
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်ထဲမှာ ဒီနေ့မနက် သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်း ၃ လောင်းကို တွေ့ရှိခဲ့ပါတယ်။
သီပေါမြို့နယ် ကုန်းမုန့်ကျေးရွာ စဉ့်အင်တံတားအနီး ကျွန်းတောထဲမှာ လူ ၃ ယောက် သေနတ်ဒဏ်ရာတွေနဲ့ တွေ့လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၈ ရက် မနက် ၈ နာရီလောက်က အကြောင်းကြားလာတဲ့အတွက် ကားနဲ့သွားတင်ပြီး သီပေါဆေးရုံ ပို့ပေးခဲ့တယ်လို့ သီပေါ နယ်စည်းမခြား ပရဟိတအဖွဲ့ တာဝန်ခံ ကိုမျိုးက ဒီဗွီဘီကို ပြောပါတယ်။
“သေနတ်ဒဏ်ရာနဲ့ သုံးယောက်လုံး သေဆုံးနေတာ တွေ့ပါတယ်။ ဒဏ်ရာတွေက ၂ ယောက်က ခေါင်းကိုထိတယ်၊ နောက် တယောက်က နံကြားကိုထိသွားတယ်။ အသက် ၃၀ ကျော် ၄၀ ဝန်းကျင်လောက် လူလတ်ပိုင်းတွေပါ။ အားလုံး အရပ်ဝတ်နဲ့ အမျိုးသားတွေချည်းပဲ၊ မျက်နှာက သွေးတွေနဲ့မို့ ဘယ်သူဘယ်ဝါလဲဆိုတာ မသိရပါဘူး။ ကျနော်တို့ကားနဲ့ သီပေါဆေးရုံ ရင်ခွဲရုံကို ပို့ပေးခဲ့ပါတယ်။”
ဒီကိစ္စနဲ့ ပတ်သက်လို့ သီပေါရဲစခန်းကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
အဲဒီကျွန်းတောထဲမှာ ညအချိန်ဆိုရင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူတွေ ရှိနေတတ်ပြီး ရံဖန်ရံခါ ကားလမ်းပေါ် ထွက်ကာ ကားမှန်တွေကို ခဲနဲ့ထုတာ၊ လုယက်တာတွေရှိလို့ ရဲတပ်ဖွဲ့က ၂ ကြိမ်လောက် သွားရောက်ရှင်းလင်းခဲ့ဖူးပေမယ့် မူးယစ်သောက်စားမှုတွေ ရှိနေဆဲပဲလို့ ကျောက်မဲ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။