DVB Logo
Home
မြန်မာသတင်း
ထာဝရငြိမ်းချမ်းရေး အဓိကလိုအပ်နေဟု ပြည်ထောင်စုနေ့တွင် သမ္မတ ပြောကြား
DVB
·
February 12, 2013
ထာဝရငြိမ်းချမ်းရေး အဓိကလိုအပ်နေဟု  ပြည်ထောင်စုနေ့တွင် သမ္မတ ပြောကြား
Donate to DVB

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ဖွံ့ဖြိုးဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှုနဲ့ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရဖို့ အဓိက လိုအပ်နေတယ်လို့   ၆၆ နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ် သ၀ဏ်လွှာမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ မနက်က နေပြည်တော်မှာကျင်းပတဲ့  အစိုးရရဲ့ ပြည်ထောင်စုနေ့ အလံတင် အခမ်းအနားမှာ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဖတ်ကြားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ သ၀ဏ်လွှာမှာ ခုလို ပြောကြားခဲ့တာပါ။

ပြည်တွင်းပြည်ပ အဖျက်သမားတွေရဲ့အန္တရာယ်ကို တိုင်းရင်းသားအားလုံးက ပြည်ထောင်စုစိတ်ဓာတ်နဲ့ ပူးပေါင်းကာကွယ် တားဆီးဖို့ လိုတဲ့အကြောင်းနဲ့ အတိတ်က ခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး တိုင်းရင်းသားအားလုံးက နိုင်ငံထာဝရ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းကြဖို့လည်း သမ္မတက တိုက်တွန်းပါတယ်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် သမ္မတက မိတ်ဆုံ ညစာစားပွဲနဲ့ ခင်းကျင်းဧည့်ခံဖို့ ရှိရာမှာ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေအပြင် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့    ရှမ်းပြည်တပ်မတော်၊ ကရင်မျိုးသားအစည်းအရုံးနဲ့ ဒီကေဘီအေ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေကိုပါ ဖိတ်ကြားထားပါတယ်။

အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမရသေးတဲ့  ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အဖွဲ့ကိုလည်း အစိုးရက ပြည်ထောင်စုနေ့ပွဲ ဖိတ်ကြားထားပေမယ့်လည်း ကေအိုင်အိုကတော့ တက်ရောက်ခြင်း မရှိပါဘူး။

ကေအိုင်အိုခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာကတော့ နှစ်ရှည်ပြည်တွင်းစစ် ရပ်စဲပြီး ပဋိပက္ခ ဖြစ်ပွားရာကနေ အတူယှဉ်တွဲနေထိုင်ရေးကို ရှေးရှုလုပ်ဆောင်သင့်ပြီလို့ ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ စစ်ကိုရပ်စဲပြီး ငြိမ်းချမ်းရေးဘက်ကို ရှေးရှုသင့်ပါပြီ။ ပဋိပက္ခဖြစ်ပွားရာကနေ အတူယှဉ်တွဲနေထိုင်ရေးကို ရှေးရှုသင့်ပြီ။ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ကြာရှည်လွန်းအားကြီးပြီ။ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ဖြစ်တာ တခြားနိုင်ငံတွေမှာ မတွေ့ရပါဘူး။ အဲတော့ ပြည်တွင်းစစ်ကို ရပ်ကိုရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ဖို့ အချိန်တန်ပြီလို့ ခံယူတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ သိသာထင်ရှားတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ အပြောင်းအလဲတခုလုပ်မှပဲ ဖြစ်မယ်။ ပြည်တွင်းစစ်သက်ဆိုးရှည်နေတာဟာ အရင် အစိုးရအဆက်ဆက်က ပြည်တွင်းစစ်အပေါ်မှာ ရှုမြင်သုံးသပ်ချက်နဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေ မမှန်ကန်လို့ဖြစ်တယ်။ အခု လက်ရှိအစိုးရအနေနဲ့ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ပြီး ဖြေရှင်းသွားမယ်ဆိုရင် ငြိမ်းချမ်းရေးရရှိဖို့ အလားအလာကောင်းတွေ ရှိပါတယ်။”

ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက “၁၉၈၉ ခုနှစ်ကတည်းကနေပြီးတော့ တောက်လျှောက် ပြည်ထောင်စုနေ့တွေမှာ နိုင်ငံရေးပါတီတွေကို မဖိတ်တော့ဘဲ သူတို့ဟာသူတို့ ကျင်းပတာပဲ ရှိတယ်။ အခုမှ တခါပြန်ပြီး ကျင်းပတယ်ဆိုတာကတော့ အစိုးရသစ်ကလည်း ပြုပြင်ပြောင်းလဲရေးကို လုပ်လာတယ်၊ ဒီအချိန်မှာလည်း တိုင်းရင်းသားတွေ ညီညွတ်ရေးအတွက်ကို သွားဖို့ အလားအလာပိုကောင်းလာအောင် လုပ်ပေးနေတယ်လို့ ထင်ပါတယ်။ ဒါဟာ ကောင်းတယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း တော်ဝင်နှင်းဆီခန်းမမှာ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပခဲ့ပြီး အခမ်းအနားကိုပေးပို့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ထောင်စုနေ့ မိန့်ခွန်းမှာ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပါဝင်လိုတဲ့အကြောင်း ထပ်မံ ကမ်းလှမ်းလိုက်ပါတယ်။

“ကျမကိုဆိုရင် ကချင်ပြည်ထဲဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ မပါဝင်ဘူးလားလို့ မေးမြန်းကြ ဝေဖန်ကြတာတွေရှိတယ်။ ကျမအမြဲပြောတယ်၊ ကျမပါဝင်ချင်တယ်။ အချိန်မရွေး လိုလားရင် ပါဝင်ဖို့ အဆင်သင့်ရှိပါတယ်ဆိုတာကို တရားဝင်ထုတ်ဖော်ပြောခဲ့တာ ကြာပါပြီ။ ဘာလို့ မပါလဲဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ဖို့ဆိုတာ ကာယကံရှင်တွေကလိုလားမှ၊ တောင့်တမှ ဖြစ်နိုင်မှာပါ။ လိုလားမှု၊ တောင်းဆိုမှုတွေမရှိဘဲ ၀င်လုပ်လို့ ငြိမ်းချမ်းရေးရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာပဲ ဖြစ်မယ်။ ကျမကိုလိုလားတယ်၊ လုပ်စေချင်တယ်ဆိုရင် အချိန်မရွေးဝင်လုပ်ပေးမယ် ဆိုတာကို တရားဝင် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ပြောပါရစေ။ ဒီနိုင်ငံရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျမကိုပါဝင်ဖို့ ကာယကံရှင်တွေက လိုလားတယ်၊ ဖိတ်ခေါ်တယ်ဆိုရင် ဘယ်တော့မှ မငြင်းပါဘူးဆိုတာ ပြောပါရစေ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ  ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး   ပါတီရဲ့ နာယက ဦးတင်ဦးကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်တဲ့  မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် တိုင်းရင်းသားရိုးရာ အကဖျော်ဖြေပွဲတွေ  ကရင်ရိုးရာ ဒုံးယိမ်းအက ပြိုင်ပွဲတွေလည်း ကျင်းပသွားပါတယ်။ အလားတူ ရန်ကုန်မြို့မှာ    ဒီမိုကရေစီမိတ်ဆွေပါတီ ၁၁ ပါတီ ပူးပေါင်း ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ)ရဲ့ ပြည်ထောင်စုနေ့ မိတ်ဆုံ ညစာစားပွဲတွေလည်း ကျင်းပဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013