DVB Logo
Home
မြန်မာသတင်း
ချင်းရိုင်းငှက်ပျောခြံက မြန်မာလုပ်သား ၄၅ ဦး လုပ်အားခမရ၍ အလုပ်သမားရုံးသို့တိုင်ကြား
DVB
·
December 26, 2019
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းမြို့နယ်ရှိ ငှက်ပျောခြံတခြံက မြန်မာအလုပ်သမား ၄၅ ဦးဟာ ရ သင့်ရထိုက်တဲ့ လုပ်အားခတွေ လနဲ့ချီပြီး မရခဲ့တာကြောင့် သက်ဆိုင်ရာအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးကို သွားရောက်  တိုင်တန်းခဲ့ကြပါတယ်။ 

အဲဒီငှက်ပျောခြံဟာ ချင်းရိုင်းမြို့နယ် ဖယားမိန်းရိုင်းအုပ်စု ဖယားမိန်းရိုင်း စိုက်ပျိုးရေးဇုန်ထဲမှာရှိပြီး တရားဝင်မြန်မာအလုပ်သမား ၈၀ ကျော် ဝင်ရောက်လုပ်ကိုင်နေတာပါ။

အဲဒီထဲက ၄၅ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းကစပြီး လုပ်အားခ ပုံမှန်မရတာရှိသလို တချို့ကိုလည်း ဒီဇင်ဘာလဆန်းတည်းကစလို့ အကြောင်းပြချက်တစုံတရာမရှိဘဲ အလုပ်နားခိုင်း ခံခဲ့ရပါတယ်။

အလုပ်သမားတဦးက “ကျနော်တို့ လင်မယားနှစ်ယောက် ဒီခြံထဲမှာ အလုပ်လာလုပ်တာ ၂ နှစ်ရှိပြီ၊ သူဌေးဆီကနေ ကျနော့်လုပ်အားခ ၂၇၅၃၃ ဘတ် ရစရာရှိတယ်၊ ကျနော့်မိန်းမက ၁၂၀၅၀ ဘတ်ရစရာရှိတယ်၊  လုပ်ခမရတော့ ကျနော်တို့ စားရေး သောက်ရေး ၊ အသုံးအဆောင်တွေ အတွက် ကုန်စုံဆိုင်မှာ အကြွေးတင်နေတာပေါ့။ တချို့ကတော့ နောက် ၃ လဆို အလုပ်လုပ်ခွင့်သက် တမ်း ကုန်တော့မှာ။ အဲဒါ အလုပ်သမားကတ် သက်တမ်းတိုးဖို့ ပိုက်ဆံတွေလည်း မရှိဘူး”လို့ ပြောပါတယ်။   

အလုပ်သမားတွေဟာ သူတို့လုပ်အားခရရှိဖို့ အလုပ်ရှင်ထံမှာ အကြိမ်ကြိမ်တောင်းဆို ခဲ့ပေမယ့် အလုပ်ရှင်က အကြောင်းအမျိုးမျိုးပြအချိန်ဆွဲခေါင်းရှောင်နေပြီး အကြိမ်ကြိမ်ချိန်းဆိုနေတာလို့ သည်းမခံနိုင်တော့ဘဲ ဒီဇင်ဘာလ ၂၃ ရက်က ချင်းရိုင်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးဆီ သွားရောက်တိုင်တန်းတောင်းဆိုကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်က ချင်းရိုင်းခရိုင် အလုပ်သမားကာ  ကွယ်စောင့်ရှောက်ရေးရုံးကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျအရာရှိက လောလောဆယ် သက်ဆိုင်ရာအလုပ်ရှင်ကို စုံစမ်းစစ်ဆေးနေကြောင်း၊ အဆိုပါငှက်ပျောခြံဟာ တရုတ်နိုင်ငံသားပါတဲ့ အလုပ်ရှင် ၃ ဦးက ဖက်စပ်လုပ်ကိုင်နေကြောင်း၊ အလုပ်ရှင် ၁ ဦးမှာ အမှုတခုနဲ့ ထောင်ကျနေပြီး နောက်တဦးက အလွန်အမင်း နာမကျန်းဖြစ်နေတာကြောင့် ဝင်ငွေတွေ ပုံမှန်လည်ပတ်နိုင်စွမ်းမရှိဘူးလို့ ဆိုပါတယ်၊ 

ဒါပေမဲ့ အလုပ်သမားကာကွယ်ရေးရုံးကတော့ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ လုပ်အားခကို ၂၀၂၀ ဇန်နဝါရီ ၁၅ ရက်နောက်ဆုံးထားပြီး ပေးချေဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ် ။  

အဲဒီငှက်ပျောခြံဟာ အကျယ်အဝန်းဧကပေါင်း ၁၀၀၀ ကျော်ရှိပြီး လွန်ခဲ့တဲ့ ၃ နှစ်က လည်း  အများပြည်သူအသုံးပြုနေတဲ့ ချောင်းထဲကရေတွေကို နွေရာသီမှာသုံးဖို့ သူတို့ခြံထဲသွင်းပြီး သိုလှောင်ထားတာတာနဲ့ စိုက်ပျိုးရေးမှာ ဓာတုဆေးတွေလည်း အသုံးများတာကြောင့် ရွာသားတွေနဲ့ ပြဿနာတက်ခဲ့ဖူးပါတယ်။

ဒါ့ကြောင့် ဒီငှက်ပျောခြံလုပ်ငန်းကို စိုက်ပျိုးရေးစီမံကိန်းကို အမည်သစ်နဲ့ ပြောင်းလဲလုပ်ကိုင်ခဲ့ပြီး ဒီနှစ်မှာတော့ အလုပ်သမားတွေရဲ့ လုပ်အားခနဲ့ ပတ်သက်တဲ့ပြဿနာ ထပ်ပေါ်လာတာလို့ အလုပ်သမားအရာရှိက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013