DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလွှတ်တော်အမတ်များ ကချင်စစ်ဘေးဒုက္ခသည်များ၏ သဘောထား မေးမြန်း
DVB
·
February 11, 2013
တိုင်းရင်းသားလွှတ်တော်အမတ်များ ကချင်စစ်ဘေးဒုက္ခသည်များ၏ သဘောထား မေးမြန်း
1 / 3
Donate to DVB

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ  ကချင်ပြည်နယ်ကို ဖေဖော်ဝါရီ ၉ ရက်နေ့က သွားရောက်ခဲ့ပြီး စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေနဲ့ နယ်မြေခံတွေရဲ့ သဘောထားအမြင်တွေကို စုစည်းမေးမြန်းခဲ့ပါတယ်။

ခရီးစဉ်မတိုင်ခင် ဒီလဆန်း ၄ ရက်နေ့က ကေအိုင်အိုနဲ့အစိုးရ နှစ်ဘက်ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါသေးတယ်။

ဒီခရီးစဉ်မှာ ကချင်ပြည်နယ်အတွင်း စစ်ရပ်စဲရေးအတွက် လွှတ်တော်အသီးသီးမှာ အဆိုပြုတင်ပြခဲ့တဲ့ ကချင်အမတ်တွေဖြစ်တဲ့ ဦးခက်ထိန်နန်နဲ့ ဒေါ်ဒွဲဘူတို့အပြင်  ရှမ်း၊ မွန်၊ ရခိုင်၊ ကယား၊ ကရင်၊ ချင်းစတဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတွေအပါအ၀င် စုစုပေါင်း ၄၀ ခန့် လိုက်ပါခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ ပူတာအိုမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဆွေးနွေးသလို မြစ်ကြီးနားမြို့က  ဂျမိုင်းကောင်းနဲ့ စီတာပူ စစ်ရှောင်ဒုက္ခသည်စခန်း ၂ ခုကို လေ့လာပါတယ်။ ဒီနောက် မြစ်ကြီးနားမြို့တော်ခန်းမနဲ့ မိုးညှင်းမြို့နယ်တွေမှာ နယ်မြေခံတွေကို တွေ့ဆုံပြီး သဘောထားတွေကို မေးမြန်းခဲ့ပါတယ်။

ဒီခရီးစဉ်ရည်ရွယ်ချက်ဟာ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ခံစားချက်တွေ အဓိကထား နားထောင်သွားဖို့လို့လည်း ဆိုပါတယ်။

ခရီးစဉ်မှာလိုက်ပါသွားတဲ့ ကျားဖြူပါတီအမတ် ဒေါ်နန်းဝါနုက ငြိမ်းချမ်းရေးဟာ မဖြစ်မနေ ဖော်ဆောင်ရမယ်ဆိုတာ ပိုထင်ရှားလာတယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းရေး တော်တော်လေး လိုအပ်နေပြီ။ ငြိမ်းချမ်းရေးက မလွှဲမရှောင်သာ လုပ်ကို လုပ်ရတော့မယ်။ ငြိမ်းချမ်းရေးအောင်မြင်အောင်လုပ်ရမယ်။ နောက် ဒီကလေးတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ပေးရမယ်။ အဓိကကတော့ စစ်အမြန်ဆုံးရပ်ဖို့၊ ငြိမ်းချမ်းရေးအမြန်ဆုံးယူဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်မှပဲ ဒါမှပဲ ငြိမ်းချမ်းရေး အမှန်တကယ်ရနိုင်မယ်။”

ကမ္ဘာပေါ်မှာ ပြည်တွင်းစစ် သက်တမ်းအရှည်ကြာဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ဆက်ဖြစ်နေတာဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုအတွက် ဖြစ်တယ်လို့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေက ပြောပါတယ်။

ခရီးစဉ်မှာလိုက်ပါတဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက အမတ် ဒေါ်ခင်စောဝေက “နှစ်ဖက်စလုံးကရပ်မှဖြစ်မယ်။ နှစ်ဖက်စလုံးမှာ တာဝန်ရှိပါတယ်။ အဓိက စစ်ဖြစ်နေတာတော့ ကျမတို့ တိုင်းရင်းသားတွေ တန်းတူညီမျှမှုလိုတယ်လို့ မြင်ပါတယ်။ တန်းတူညီမျှမှုတွေဖြစ်လာရင် စစ်တွေရပ်သွားမယ်လို့ ယုံကြည်မိပါတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ နယ်မြေခံတဦးအဖြစ် တက်ရောက် တင်ပြခဲ့တဲ့ ကေအိုင်အို ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာက ဒီခရီးစဉ်ဟာ အောင်မြင်တယ်လို့ ထင်မြင်ချက်ပေးပြောဆိုပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေက ငြိမ်းချမ်းရေး ကို ဖော်ဆောင်နိုင်မယ်ဆိုတာ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

“ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတဲ့နေရာမှာတော့ တနိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးကို ကြေညာပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရကြားမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို အမြန်ခေါ်ယူကျင်းပဖို့ လိုအပ်တယ်။ ဒီဆွေးနွေးပွဲမှာ ကြားအဖွဲ့အစည်း third party တခု ထားရှိသွားမယ်ဆိုရင် နှစ်ဖက်လက်ခံနိုင်တဲ့ပုဂ္ဂိုလ်များ၊ ဘက်မလိုက်တဲ့ပုဂ္ဂိုလ်များ၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013