
တနင်္သာရီတိုင်းမှာ အခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ၁၄ နေရာထက်မနည်း မြို့/ရွာတွေမှာ ပူးပေါင်းကျင်းပမယ်လို့ တနင်္သာရီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ထံက သိရပါတယ်။
“အရင်က ရွာတွေမှာ သူ့အစီအစဉ်နဲ့သူပြုလုပ်ရာမှာ ဒီနှစ်မှာစုပေါင်းပြီး ပြုလုပ်ကျင်းပတာ ဖြစ်တယ်”လို့ တနင်္သာရီတိုင်း ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး စောအဲအယ်က ပြောပါတယ်။
ပြာသိုလဆန်း (၁) ရက် ဒီဇင်ဘာ ၂၆ ရက်မှာ ကျင်းပမယ့် ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်မှာ အလံတင်အလေးပြုတာ၊ ဟောပြောပွဲ အခမ်းအနားကျင်းပတာ၊ သက်ကြီးသူတွေကို အရိုအသေပြုတာ၊ အားကစားပွဲတွေ ကျင်းပဖို့ အစီအစဉ်ရှိပါတယ်။
ကရင်တမျိုးသားလုံးညီညွတ်ရေးနဲ့ တိုင်းရင်းသားလူမျိုးစုံ စည်းလုံးညီညွတ်ရေးကို ရှေးရှု ကျင်းပ ဖို့၊ စုစည်းညီညွတ်တဲ့ တခုတည်းသော ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကျင်းပကြဖို့၊ ကရင်ဘ၀ဓလေ့နဲ့ ကိုက်ညီစစ်မှန်တဲ့ ကရင်ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ဖို့စတဲ့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေး အခြေခံမှုတွေနဲ့ ကျင်းပပြုလုပ်သွား မယ်လို့ သိရပါတယ်။
ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်တွေကို ထား၀ယ်မြို့၊ မြိတ်မြို့၊ ကော့သောင်းမြို့၊ မေတ္တာမြို့၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ပုလောမြို့နယ်၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်နဲ့ ဘုတ်ပြင်း မြို့နယ်တွေထဲက ကျေးရွာတွေ ပူးပေါင်းကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
အဆိုပါမြို့ရွာတွေအတွက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပဖို့ ကျပ်သိန်း ၃၅၀ ရရှိခဲ့တယ်လို့ တနင်္သာရီတိုင်း ဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီထံက သိရပါတယ်။
သတင်း-တင့်လွင်











