DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့အနီး ရွာတရွာကို လက်နက်ကိုင်လူတစု ၀င်ရောက်တိုက်ခိုက်
DVB
·
February 11, 2013
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ပိုင်း၊ ငါးခူရမြို့သစ်ရွာက ရပ်မိရပ်ဖအိမ် ၁ အိမ်ကို  နစက အယောင်ဆောင်လူတစုက ဓား၊ သေနတ်တွေနဲ့ ၀င်ရောက်တိုက်ခိုက်ခဲ့ရာမှာ ၁ ဦး သေဆုံးပြီး၊ ဒဏ်ရာပြင်းထန်သူ ၁ ဦး စစ်တွေဆေးရုံပေါ် အရေးပေါ်ခွဲစိတ်ကုသ ခံနေရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁ နာရီလောက်က  အခင်းဖြစ်ပွားခဲ့ပုံကို မောင်တောမြို့ခံတဦး က “၁၀ ရက်နေ့ မနက် ၁ နာရီမှာ လူအယောက် ၂၀ လောက်ရှိတယ်။ ကိုဘဒင်တို့အိမ်ကို နစက အယောင်ဆောင် ၀င်လာတယ်။ ဘယ်လိုအယောင်ဆောင်လဲဆိုတော့ ‘ဗိုလ်မှူး ကိုဘဒင်ကို ကျနော်တို့အိမ်ရှေ့မှာ ခေါ်နေပါတယ်။ ခေါ်လို့မရသေးဘူး။’ ဘာညာနဲ့အသံပေးခေါ်တယ်။ တဖွဲ့က အိမ်ပေါ်တက်တယ်။ နောက်တော့ ကိုဘတင်က နစကထင်ပြီးဆင်းလာတော့ လက်ကိုဆွဲပြီး ဓားနဲ့ခုတ်တယ်။ သေနတ်နဲ့ပစ်တယ်၊ သေနတ်က မပေါက်ဘူး။ နောက် ဓားနဲ့ထပ်ခုတ်တယ်။ ပခုံးနဲ့ ခေါင်းမှာ ဒဏ်ရာပြင်းထန်စွာရတယ်။ လက်နှစ်ဖက်လုံးကျိုးသွားတယ်။ ဓားနဲ့ ပေါင်ရင်းကိုခုတ်တယ်။ နောက်တဖွဲ့က အိမ်ပေါ်တက်သွားပြီး ဖွင့်တယ်။ အဲအချိန်မှာ သူ့ညီက ခေါင်ပေါ်တက်ပြေးလို့ လွတ်သွားတယ်။ အောက်မှာရှိတဲ. ဆုံးသွားတဲ့ ကိုမောင်အေးက သူအိပ်ရာကထတာနဲ့ တယောက်က အနားမှာရှိနေတယ်။ သေနတ်နဲ့ပစ်လိုက်တယ်။ သေနတ်က သူကြီးတွေကိုင်တဲ့ သေနတ်ပုံစံမျိုး။ ၂ ပေခွဲလောက်တော့ ရှိတယ်ပြောတယ်။ တခါတည်း ကိုမောင်အေး ဗုံးကနဲ လဲကျသွားတယ်။ ကိုဘဒင်လည်း ဘာမှမလုပ်နိုင်တော့ဘူး။ နောက် ကိုမောင်အေးကို ခုတ်တယ်။ ကိုမောင်အေးကလက်နဲ့ကာတော့ ဘယ်လက် ပြတ်ထွက်သွားတယ်။ သေနတ်ဒဏ်ရာကလည်း ၂ ချက်။ ဆေးရုံကားပေါ်မှာတော့ စကားပြောလို့ရသေးတယ်။ လမ်းတ၀က်မှာ ဆုံးသွားတယ်” လို့ ပြောပါတယ်။

နယ်စပ်လုံခြုံရေးနဲ့ ကွပ်ကဲရေးဌာန (နစက) အယောင်အဆောင်လူစုဟာ ရွာသားတွေ ၀ိုင်းလာတဲ့အခါ သေနတ်တွေ ပစ်ဖောက်ပြီး ထွက်ပြေးသွားကြတယ်လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ ဦးမောင်အေး အသက် ၅၂ နှစ်ရဲ့ အသုဘအခမ်းအနား ဒီနေ့ပြုလုပ်ခဲ့ပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ ဦးဘဒင်ကိုတော့ ဒီနေ့ မွန်းလွဲပိုင်းက စစ်တွေဆေးရုံမှာ ခွဲစိတ်ကုသနေပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဆရာဝန်တွေက ပြောကြောင်း စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။

“ဆေးရုံမှာ ဆရာဝန်တွေကတော့ အသေချာ စောင့်ကြည့်နေကြတာပဲ။ စိုးရိမ်ရတဲ့ အခြေအနေတော့ ရှိတယ်။ ဘယ်လိုအဖြေထွက်လာမလဲဆိုတာတော့ စောင့်ကြည့်ရဦးမယ်လို့ ဆရာဝန်တွေက ပြောတယ်။ အဓိက ခေါင်းမှာထိတဲ့ဒဏ်ရာက စိုးရိမ်ရပါတယ်။”

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းအဆက်အသွယ် မရပါဘူး။

မောင်တောမြို့ခံတွေရဲ့ ပြောပြချက်အရ အုပ်စုဖွဲ့တိုက်ခိုက်သွားသူတွေထဲက တချို့ကို ဖမ်းမိထားပြီလို့ သိရပါတယ်။ ဘာကြောင့် အခုလို ၀င်ရောက်တိုက်ခိုက်ရသလဲဆိုတာ အတိအကျမသိရသေးဘဲ တိုက်ခိုက်ခံရတဲ့သူတွေဟာ ရပ်ရွာအပေါ် ဩဇာညောင်းတဲ့ ရပ်မိရပ်ဖတွေလို့ပဲ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013